နိုဝင်ဘာ၊ ၂၁
အစ္စရေးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီလို့ ယုံကြည်ကြောင်း ဟားမားစ် ပြောက်ကျားအဖွဲ့ အကြီးအကဲက ပြောပါတယ်။
ကာတာ အစိုးရရဲ့ ကြားဝင် စေ့စပ်ပေးဖို့ အားထုတ်မှုတွေနဲ့ ဟားမားစ်ဟာ အဆက်မပြတ် ရှိနေခဲ့သလို အစ္စရေးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတခု ရရှိဖို့ နီးစပ်လာနေပြီလို့ ယုံကြည်ကြောင်း အစ္စမေးလ် ဟာနီယက်ချ်က ဆိုပါတယ်။
အစောပိုင်းမှာ အမေရိကန် အစိုးရကလည်း အစ္စရေးနဲ့ ဟားမားစ်တို့ကြား အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေ တိုးတက်နေတယ်လို့ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။
တချိန်တည်းမှာပဲ ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးစစ်တပ်နဲ့ ဟားမားစ်တို့ကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို ဟားမားစ်တွေနဲ့ မဟာမိတ် ပါလက်စတိုင်း ပြောက်ကျားတွေကလည်း အစ္စရေး နယ်မြေတွေဆီ ဒုံးကျည်တွေနဲ့ ပစ်ခတ်နေဆဲ ဖြစ်ပါတယ်။
အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှုတွေ တိုးတက်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဘယ်လို အသေးစိတ် သဘောတူညီမှုတွေ ပါဝင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ နောက်ပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ ဆွေးနွေးမှုတွေမှာ ဟားမားစ်တွေ လက်ထဲမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ဓားစာခံ ၂၄၀ ဝန်းကျင်ရဲ့ ကံကြမ္မာကလည်း အဓိက ဗဟိုချက်အဖြစ် ပါဝင်နေနိုင်ပါတယ်။
စစ်ပွဲ အစပိုင်းတုန်းကတော့ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟူက ဂါဇာမှာ ဟားမားစ်တွေ လုံးဝဥဿုံ ဆိတ်သုဉ်း ပျောက်ကွယ်သွားတဲ့ထိ အစ္စရေးရဲ့ စစ်ဆင်ရေးတွေကို ဆက်လက် ဆင်နွှဲနေမယ်လို့ တင်းတင်းမာမာ ပြောခဲ့ဖူးပါတယ်။
စစ်ပွဲဟာ တလခွဲလောက် ကြာမြင့်လာပြီဖြစ်ပြီး အစ္စရေးဖက်က ၁၂၀၀ ကျော် သေဆုံးခဲ့သလို ပါလက်စတိုင်းဖက်မှာလည်း အသေအပျောက် ၁၃၀၀၀ ကျော်ထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။
Ref: Reuters