သြဂုတ်၊ ၁၇
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အင်းငါးခွကျေးရွာ အုပ်ချုပ်ရေးမှူးဟာ သြဂုတ်လ ၁၆ ရက်မနေ့က ညနေ ၆ နာရီခန့်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တာဝန်ရှိသူတဦးက ပြောပါတယ်။
” ပြည် ပေါက်ခေါင်းလမ်းဘေး ခြင်းလုံးခတ်နေတဲ့ချိန်ဝင်ပြီး ပစ်ခတ်ခဲ့တာပါ။ သေနတ်နှစ်လက်နဲ့ ခြောက်ချက်ပစ်ပြီး ရှင်းလင်းခဲ့တာပါဗျ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူဟာ အင်းငါးခွကျေးရွာအုပ်စု၊ တာကောက်ကျေးရွာနေ အသက်ငါးဆယ်အရွယ် ဦးဇော်လင်းအောင် ဖြစ်ပြီး ပေါက်ခေါင်း-ပြည် လမ်းမဘေးမှာ ခြင်းလုံးခတ်နေစဉ် PDF တွေက သေနတ်နဲ့ ခြောက်ချက်ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးခဲ့တာပါ။
” ပြည်သူတွေ ဘေးမှာ ရှိတယ်ဗျ။ ခြင်းလုံးခတ်နေတဲ့ အချိန်ဆိုတော့ မထိခိုက်အောင် ဆောင်ရွက်ခဲ့ပါတယ်ဗျ။ ပြည်သူတွေ ပစ်ခတ်သံကြားတော့ ထိတ်လန့်တာမျိုး ရှိပေမယ့် တခြားတုန့်ပြန်တာမျိုးတော့ မရှိပါဘူးဗျ ” လို့ အဲဒီတာဝန်ရှိသူက ပြောပါတယ်။
သေဆုံးခဲ့သူ ဦးဇော်လင်းအောင်ဟာ စစ်သား၊ ရဲတွေနဲ့အတူ ဆိုင်ကယ်လိုင်စင် ဖမ်းရာမှာ လိုက်ပါလေ့ရှိပြီး ကြံတင်ဆောင်တဲ့ ကုန်ကားတွေကို ငွေညှစ်တောင်းခံကာ မပေးရင် အချိန်မတော် မောင်းနှင်တယ်ဆိုပြီး ထိုးကြိတ်တာ၊ ဖမ်းဆီးထောင်ချတာတွေ လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီအတွက် သစ်ကားတွေဆီက လိုင်းကြေး ကောက်ခံပေးတာ၊ တောင်သူလယ်သမားတွေဆီက စိုတ်ပျိုးရေးချေးငွေ တွေကို ခြိမ်းခြောက်တောင်းခံပေးတာ၊ လောင်းကစားဝိုင်း တွေကိုလည်း လစဉ်ငွေကြေးယူကာ ဖွင့်ခွင့်ပေးထားသူလည်း ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF (၃၆၀၁) တပ်ရင်း၊ တပ်ခွဲ (၅) နွေဦးအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် လုပ်ဆောင်ခဲ့တယ်လို့လည်း အဲဒီအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပစ်ခတ်မှုပြီးနောက် ပေါက်ခေါင်း-ပြည် လမ်းမတလျှောက်မှာ စစ်ကောင်စီတပ်တွေက ဆိုင်ကယ်မောင်းသူတွေကို စစ်ဆေးမေးမြန်းတာတွေ ရှိပေမယ့် ဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ လည်း ဆက်ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့အချိန်ကနေ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်ချက်နဲ့ ရပ်ကွက်၊ ကျေးရွာအဆင့်အပါအဝင် အုပ်ချုပ်ရေးပိုင်းက ၇၄၄ ဦး သေဆုံးတယ်လို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်၊ မတ်လက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲဒီလိုတိုက်ခိုက်မှုတွေကြောင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းတွေအပါအဝင် သေဆုံးသူပေါင်း ၆,၀၉၁ ဦး ရှိတယ်လို့လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်က စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
ဓာတ်ပုံ – PPDF