မေ၊ ၂၅
မကွေးတိုင်း၊ယောဒေသ၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်း တောင်ခင်ရန်းရွာရဲစခန်းက စစ်ကောင်စီအဖွဲ့ဝင်တွေဟာ အဲ့ဒီရွာသားတဦးကို ပြီးခဲ့တဲ့ မေလ (၂၁)ရက် ညနေပိုင်းက ဖမ်းဆီးသွားပြီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အရက်ဆိုင်မှာအရက်သောက်နေတုန်း PDFလို့စွပ်စွဲဖမ်းဆီးပြီး ခေါင်းဖြတ်သတ် တာ ပါ၊အလောင်းကိုမြစ်ထဲမျှောလိုက်ကြတယ်၊နောက်တနေ့အလောင်းကိုမွေးချင်းတွေက မြစ်ထဲကနေဆယ် ယူ သင်္ဂြိုလ်ကြတယ်၊ခေါင်းတော့မပါတော့ဘူး”လို့ ဒေသခံတဦးကပြောပါတယ်။
သတ်ဖြတ်ခံရသူဟာ အအသက်လေးဆယ်ဝန်းကျင်အရွယ် တောင်ခင်ရန်းရွာသား ကိုသက်နောင်ဆိုသူဖြစ်ပြီး တော်လှန်ရေး ကိစ္စတွေန့မသက်ဆိုင်သူတဦးဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကဆို ပါ တယ်။
တောင်ခင်ရန်းရွာရဲစခန်းမှာတပ်စွဲထားတဲ့ စစ်သားတဦး အခုလ ၁၁ရက်မှာ အရပ်ဝတ်နဲ့အပြင်ထွက်ရာက ပစ်ခတ်ခံရပြီးသေဆုံးခဲ့တဲ့နောက် အဲ့ဒီစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဒေသခံတွေကိုအကြောင်း အမျိုးမျိုးပြဖမ်းဆီးမှုတွေလုပ်နေသလို အမျိုးသားနှစ်ဦးကိုလည်းသတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်သားတဦးပစ်ခတ်ခံရလို့ သေဆုံးပြီး နောက်တနေ့ မေလ ၁၂ရက်မှာ တောင်ခင်ရန်းရွာခံ အသက်နှစ်ဆယ် ကျော်အရွယ်လူငယ်တဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားပြီး သတ်ဖြတ်ကာ အလောင်းကို မြစ် သာမြစ်ထဲမျှောချခဲ့တာပါ။
အဲ့ဒီလူငယ်ဟာလည်း လည်ပင်းကိုလှီးဖြတ်သတ်ဖြတ်ခံရတာလို့ ဒေသခံတွေကပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ သူတို့ရဲ့တပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့သေဆုံးပြီးကတည်းက စုစုပေါင်း ရွာခံခြောက် ဦးလောက်ကို ဖမ်းဆီးခဲ့ပြီး နှစ်ဦးကိုတော့သတ်ဖြတ်ခဲ့တာပါ။
ပစ်ခတ်မှုဖြစ်တဲ့မေ ၁၁ ရက်မှာရွာခံအမျိုးသမီးတဦး၊ မေ ၁၅ ရက်မှာ လယ်တောသွားတဲ့ရွာ သားနှစ်ဦးကို ဓားမကိုင်ဆောင်လို့ဆိုပြီး ဖမ်းဆီးခဲ့ကာ အဲ့ဒီသုံးဦးကိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
“ကောင်မလေးလွတ်ဖို့က ဆန်ငါးအိတ်၊ပဲငါးအိတ်၊ဆီငါးပုံး၊ သွပ်ဆယ်ချပ်ကျော်ပေးရတယ်၊ ဟိုနှစ်ယောက် ကလည်း ပေးရတာပဲ။ငွေပေးရတာဖြစ်မယ်၊ဘယ်လောက်လဲဆိုတာတော့မသိဘူး” လို့ ဒေသခံတဦး ကပြော ပါတယ်။
ဒါ့အပြင်မနေ့ကလည်း တောင်ခင်ရန်းရွာသားတဦးဖြစ်တဲ့ ကိုသက်နိုင်ဆိုသူကို ထပ်မံဖမ်းဆီးခဲ့ပြီး သူ့ရဲ့အခြေ အနေကိုတော့မသိရသေးပါဘူး။
တောင်ခင်ရန်းရွာကဖမ်းဆီးခံရသူတွေနဲ့ သတ်ဖြတ်ခံရတဲ့သူတွေဟာ စစ်ထောက်လှမ်းရေးဆိုသူ သေဆုံး မှုနဲ့မသက်ဆိုင်သူတွေသာဖြစ်တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်ထောက်လှမ်းရေးဆိုသူသတ်ဖြတ်ခံရပြီးကတည်းက စစ်ကောင်စီက တောင်ခင်ရန်းရွာထဲမှာ ဘောင်းဘီ ရှည်မဝတ်ရ၊ လွယ်အိတ်မလွယ်ရ၊ ဆိုင်ကယ်နှစ်ယောက်မစီးရ၊ မနက်ခြောက်နာရီကနေညခြောက်နာရီ အတွင်း အပြင်မထွက်ရ စတဲ့အမိန့်တွေ ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။
တောင်ခင်ရန်းရွာဟာ ဂန့်ဂေါမြို့မြောက်ဘက် မိုင်လေးဆယ်ဝန်းကျင်အကွာ မြစ်သာမြစ် အနောက် ဘက် ကမ်းမှာ တည်ရှိပြီး လူဦးရေ လေးထောင်ဝန်းကျင်လောက် နေထိုင်ကာ နယ်မြေရဲစခန်းလည်း ရှိတဲ့ရွာ တရွာဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ဒေသတွင်းမှာ လက်နက်ကိုင်ခုခံတော်လှန်မှု အားကောင်းတာကြောင့် အဲ့ဒီနယ် မြေ ရဲစခန်းမှာ စစ်ကောင်စီနဲ့ ပျူစောထီးတွေ တပ်စွဲနေထိုင်လေ့ရှိပါတယ်။ အဲ့ဒီရဲစခန်းကို ဒေသတွင်းတော် လှန် ရေးတပ်ဖွဲ့တွေက မကြာမကြာတိုက်ခိုက်လေ့ရှိပြီး အရာရှိတွေအပါအဝင် စစ်ကောင်စီဘက်က သေဆုံးထိ ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။
မနေ့ကလည်း မြောက်ခင်ရန်းရွာကနေ တောင်ခင်ရန်းရွာဘက်ကို စစ်ကြောင်းထွက်လာတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေတိုက်ခိုက်ခံခဲ့ရပြီး စစ်ကောင်စီဘက်က သေဆုံးမှုတွေရှိတယ်လို့သိရပါတယ်။