အရာတော်မှာ စစ်ကောင်စီလက်ချက်နဲ့ထွက်မပြေးနိုင်တဲ့သူတွေအပါအဝင် သက်ကြီးရွယ်အိုခြောက်ဦးသေဆုံး

 

မေ၊ ၂၅

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် တောင်မွှာရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေလက်ချက်နဲ့ထွက်မပြေးနိုင်တဲ့သူတွေအပါအဝင်သက်ကြီးရွယ်အိုဒေသခံခြောက်ဦးနှစ်ရက်အတွင်းသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တက်ကြွလှုပ်ရှားသူတွေကDNAသတင်းဌာနကိုပြောပါတယ်။ 

“ တရွာလုံးပြေးရတာ ။မပြေးနိုင်တဲ့ တယောက်ကို နောက်ကနေလိုက်ပစ်တယ် ။ မပြေးနိုင်လို့ကျန်ခဲ့တဲ့အသက် ၈၀ အရွယ် ဒေါ်ခင်စိန်နဲ့ အသက် ၆၀ ကျော်အရွယ် ဒေါ်အေးထုပ်က အိမ်ထဲမှာ ထည့်ပြီးမီးရှို့ခံခဲ့ရတာ မနေ့ကမနက်ကမတွေ့တာ “ လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

သေဆုံးသူတွေဟာ အသက် ၆၀နဲ့ ၈၀ ကြားသက်ကြီးပိုင်းတွေဖြစ်ပြီး အမျိုးသမီးနှစ်ဦးနဲ့အမျိုးသားလေးဦးဖြစ်တယ်လို့လည်းဒေသသတင်းတွေဖော်ပြနေတဲ့အရာတော်ပိုစ့်က ကိုမောင်မောင်ကပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်က ထုတ်ပြန်ချက်မှာ စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတစ်ဝန်းက အရပ်သား ၃၅၆၇ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

မေလ၂၃ရက်နဲ့ ၂၄ရက်နေ့က စစ်ကောင်စီတပ်ဟာတောင်မွှာကျေးရွာတရွာလုံးကို မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်အိမ်ခြေနှစ်ရာကျော်ပြာကျပျက်စီးခဲ့တာလည်းဖြစ်တယ်လို့ လည်းပြောပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်တွေကကြွေပုဂံကျေးရွာကိုလဲ တတိယအကြိမ်မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံးနှစ်လောက်မီးလောင်ပျက်စီးခဲ့တယ်လို့လည်းဖြည့်စွက်ပြောကြားပါတယ်။

“ မနေ့ကမနက်၅နာရီခွဲလောက်မှာအဲ့ဒီမှာတပ်စွဲထားတဲ့ကောင်တွေကမိးရှို့ကြတာ ။စစ်ကြောင်းဝင်တာက၂၃ရက်မနက်ကတည်းကပစ်ခတ်ဝင်လာလို့ရွာခံတွေကရှောင်နေကြရတာ “လို့ကိုမောင်မောင်ကပြောပါတယ်။

မေ ၂၄ ရက်နေ့ မနက်ပိုင်းမှာစစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် တောင်မွှာကျေးရွာ၊ ကြွေပုဂံရွာ၊ ဝက်ခဲရွာနဲ့ အောင်သာကျေးရွာ၊ ဒုံဒစ်စတဲ့ ကျေးရွာတွေက  ဒေသခံအရပ်သာထောင်နဲ့ချီ ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့လဲသိရပါတယ်။ 

ဒါ့အပြင်စစ်ကောင်စီတပ်တွေဟာ တောထဲမှာ‌မြေပဲချနေတဲ့ သူတွေကို ဓားစာခံအဖြစ်နဲ့လဲ ခေါ်သွားခဲ့သေးတယ်လို့ဆိုပေမယ့်အရေအတွက်တိတိကျကျမသိရသေးဘူးလို့သူကဆိုပါတယ်။ 

မေလ၂၃ရက် ညနေပိုင်း၆နာရီအချိန်ကတော့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ တောင်မွှာ ကျေးရွာ မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တင်တဦးကလည်းပြောပေမယ့်နှစ်ဖက်အထိအခိုက်အကျအဆုံးမသိရပါဘူး။

လက်ရှိမှာ  ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ စစ်ရေးတင်းမာနေတာကြောင့် အရပ်သားတ္ရရဲ့  ဆုံရှုံးမှုတန်ဖိုးနဲ့  ပျက်စီးသွားတဲ့  အိမ်ခြေ အရေအတွက်ကို အသေးစိတ်မသိရသေးဘူးလို့လည်းသူကဆိုပါတယ်။

ဒီကနေ့မေလ၂၅ရက်မနက်မှာလည်းစစ်ကောင်စီတပ်တွေဟာမကျီးစောက်ရွာကိုဒုတိယအကြိမ်ထပ်မံမီးရှို့နေတဲ့အတွက်အနီးနားကမြေနက်ရွာနဲ့ဇရစ်ရွာကရာနဲ့ချီတဲ့ဒေသခံတွေပါထွကိပြေးနေရတယ်လို့သိရပါတယ်။

“မကျီးစောက်ရွာကအိမ်ခြေလေးရာလောက်လို့ဒေသခံတွေပြောပေမယ့်ကျွန်တော်တို့အတည်မပြုနိုင်သေးပါဘူး”လို့ကိုမောင်မောင်ကပြောပါတယ်။