ကလေးမြို့မှာ စစ်အုပ်စုယာဉ်တန်းမိုင်းထိ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့်သေ

၁၈၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ PDF ကလေးတို့ တိုက်ပွဲပြင်းထန်နေပြီး ချင်းဆိုင်ရွာအနီးက စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု မိုင်းထိကာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၁၅ဦးခန့် သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၁၈ရက်နေ့ မနက်ပိုင်းမှာ PDFကလေး တပ်ရင်း ၃တပ်ခွဲစခန်းကို သိမ်းပိုက်တပ်တပ်စွဲထားတဲ့ စစ်အုပ်စုက နဂါးပွက်ကျေးရွာကို လက်နက်ကြီးပစ်ကူပြီး စစ်ကြောင်းပြောင်းရွေ့ခဲ့ပြီး ယမန်နေ့က ဖမ်းဆီးထားတဲ့ ကလေး PDFတပ်ရင်း ၃က ဆေးတပ်ဖွဲ့ဝင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ကလေးPDFက မြေပြင်သတင်းတွေအရ ထုတ်ပြန်ထားပါတယ်။

မနက် ၁၀နာရီခန့်မှ စတင်ကာ ကလေး PDFက နဂါးပွက်ရွာအတွင်းက စစ်အုပ်စုကို သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ ကလေးနည်းပညာတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်အုပ်စုကလည်း လက်နက်ကြီးတွေနဲ့ ကူပစ်ခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့ဘက်ကို စစ်ကူဝင်ရောက်လာတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းဟာ ချင်းဆိုင်ကျေးရွာအနီးမှ စတင်ကာ ခြေလျှင်စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကလေး PDFက မိုင်း၃လုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ဗိုလ်ကြီးအဆင့်တစ်ဦးမှာ အလောင်းကောက်မရသည့်အထိ မိုင်းထိမှန်သွားပြီး ၁၅ဦးခန့် သေဆုံးသွားခဲ့ပါတယ်။

မိုင်းထိမှန်ခဲ့တဲ့ စစ်အုပ်စုဟာ ချင်းဆိုင်ကျေးရွာကို ဝင်ရောက်ဖျက်ဆီးကာ ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ကလေးမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်အုပ်စုဟာ အင်အားအလွန်အကျွံအသုံးပြုကာ စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားလာဖို့ရှိနေပြီး ပြည်သူတွေအနေနဲ့ ယခုရက်ပိုင်းအတွင်းမှာ ကလေး-ဂန့်ဂေါလမ်းပိုင်းကို လုံးဝသွားလာခြင်းမပြုလုပ်ဖို့ ကလေး PDFက မေတ္တာရပ်ခံထားပါတယ်။

ဓာတ်ပုံ- The Kalay Post