ပီဒီအက်ဖ်အဖွဲ့၀င်တဦးကို စစ်ကောင်စီရဲ ဖမ်းဆီးဖို့ကြိုးစားပေမယ့် ဆိုင်ကယ်မိုင်းနဲ့ပြန်တိုက်လို့ လေးဦးသေ၊ ငါးဦးဒဏ်ရာရ

မေ၊ ၂၁
 
မကွေးတိုင်း၊ နတ်မောက်မြို့နယ်က မြင်းတဲကြီးကျေးရွာမှာ စစ်ကောင်စီရဲတပ်ဖွဲ့၀င်တွေက ပီဒီအက်ဖ်တပ်ဖွဲ့၀င်တဦးကို ဖမ်းဆီးဖို့ကြိုးစားပေမယ့် ဆိုင်ကယ်မိုင်းနဲ့ ပြန်တိုက်လို့ လေးဦးသေပြီး ငါးဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
 
နတ်မောက်မြို့ ၉၀၁ တပ်ရင်း၊ ဂဠုန်တပ်ဖွဲ့ခွဲ ၁ က တာ၀န်ခံတဦးဟာ နတ်မောက်မြို့ပေါ်ကို မစ်ရှင်ကိစ္စတခုနဲ့ လာရောက်စဉ်မှာ မြင်းတဲကြီးကျေးရွာက စားသောက်ဆိုင်မှာ ခေတ္တ၀င်ရောက်စဉ်မှာ စစ်ကောင်စီရဲတွေက ဖမ်းဆီးဖို့ကြိုးစားတာလို့ အဲဒီတပ်ဖွဲ့တပ်ရင်းမှူး ဗိုလ်ကျီးကန်းက ပြောပါတယ်။
 
” ဗိုလ်အောင်ဒင်လို့ခေါ်တဲ့ ခွဲမှူးက အလုပ်လုပ်ဖို့ မြို့ပေါ်သွားတာ၊ သူက ဖွဲအိတ်ထဲမှာ အသက်သွင်းထားတဲ့ မိုင်းကို ဆိုင်ကယ်ခွ (ဂွ)ကြားထဲထည့်စီးလာတာ။ အဲမှာသူက ဗိုက်ဆာတာနဲ့ စားသောက်ဆိုင်ထဲမှာ ခေါက်ဆွဲကြော်စားနေတုန်း ရခ(ရဲတပ်ဖွဲ့၀င်)သုံးဆယ်လောက်က ဆိုင်ကယ်နားဝိုင်းလာတာ သူက ရီမုတ်တခါတည်းနှိပ်ခွဲပြီး ထွက်ပြေးလာတာပေါ့ ” လို့ ဗိုလ်ကျီးကန်းက ပြောပါတယ်။
 
ဆိုင်ကယ်မိုင်းကွဲပြီးနောက် စစ်ကောင်စီရဲတွေက အနောက်ကနေ လိုက်လံပစ်ခတ်ခဲ့ပေမယ့် သူနဲ့ပါတဲ့ ပီဒီအက်ဖက်ရဲဖော်တွေနဲ့အတူ ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက် ထိခိုက်မှုမရှိဘဲ လွတ်မြောက်ရာနေရာကို ပြန်လည်ရောက်ရှိလာတယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။
 
” ခြေထောက်မှာပဲ ပြေးရင်းထိခိုက်မိတာရှိပါတယ်။ သူကိုကျတော့ အဲနယ်ဖက်မှာ သိတယ်လေ။ စစ်ကြောင်း သုံးကြောင်းကလည်း ရှိနေတော့ သူ့ကိုဖမ်းဖို့လုပ်တာပါ။ မိုင်းတွေက ကျွန်တော်တို့က ထွက်ပြီဆိုကတည်းက အသက်သွင်းထားတယ်။ အလွယ်လုပ်ရအောင်ပြင်ဆင်ထားတာပါ ” လို့ ပြောပါတယ်။
 
စစ်ကောင်စီနဲ့နီးစပ်သူတွေကတော့ မြင်းတဲကြီးကျေးရွာအနီးမှာ လုံခြုံရေးအဖွဲ့တွေ လှည့်ကင်းဆောင်ရွက်နေတုန်း ပီဒီအက်ဖ်အဖွဲ့က ဆိုင်ကယ်အတွင်း မိုင်းဆင်ပြီး တိုက်ခိုက်ခဲ့လို့ နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရတယ်လို့ ဆိုကြပါတယ်။ 
ဓာတ်ပုံ – AFP