အင်းတော်မှာ PDF ထောက်ပံ့တယ်ဆိုပြီး CDM ဆရာမ သုံးဦးအပါအဝင်၁၅ ဦးကို စစ်တပ်က ဖမ်းဆီးထား

မတ်၊​ ၅

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်မှာ PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ CDM ကျောင်းဆရာမသုံးဦး အပါအဝင် ပြည်သူ ၁၅ဦးကို မတ်လ ၃ရက်က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို ဒီလ ၃ရက် မနက်ပိုင်းက စစ်တပ်က ဖမ်းဆီးရမိပြီးနောက်ပိုင်း မြို့မစျေးတိုက်တန်းအတွင်းက အရပ်သားတွေကို ဖမ်းဆီးခဲ့တာလို့လည်း သိရပါတယ်။

“ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့)ရဲဘော် နှစ်ဦး အဖမ်းခံရတာကနေ အလှူရှင်စာရင်း ပေါက်သွားပြီး အဖမ်းခံရတာ။ လက်ရှိမှာ စစ်တပ်ကုန်းမှာ ဖမ်းထားတယ်။ သူတို့က PDF ကို ထောက်ပံ့တယ်ဆိုပြီး။ အဓိက အင်းတော်ဈေးတိုက်တန်းမှာ ဈေးရောင်းတဲ့သူတွေကို ဖမ်းတာပါဗျ။ CDM ဆရာမသုံးဦးလဲ ပါသွားတယ်”လို့ အင်းတော်ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ CDM ကျောင်းဆရာမတွေဖြစ်ကြတဲ့ ဒေါ်သိန်းလှ ၃၉နှစ်၊ ဒေါ်ဥမ္မာ၅၂နှစ်၊ ဒေါ်အေး၄၄၊ရဲရင့်အောင် ၂၂နှစ်နဲ့ ပြည့်ဖြိုးအောင်၂၄နှစ်တို့ အပါအဝင် အရပ်သား ၁၅ဦး ဖမ်းဆီးခံထားရပြီး ဖမ်းဆီးခံထားရတဲ့ သူတွေကိုတော့ အင်တော်မြို့က စစ်တပ်ရိက္ခာကုန်းမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေဟာ မိသားစုနဲ့ အဆက်အသွယ်မရသေးသလို ဘယ်လိုပုဒ်မတွေ တပ်ထားတယ်ဆိုတာကိုလည်း မသိရသေးပါဘူး။

“ဈေးတိုက်တန်းကရော အိမ်ထဲတွေရော ဝင်ဖမ်းတာပါ။ ခုထိတော့ ဆိုင်ခန်းတွေကို ချိတ်ပိတ်ထားတာတော့ မတွေ့ဘူး။ ဒါပေမယ့် ဆိုင်တွေတော့ ခုထိပိတ်ထားတယ်။ သူတို့က မနက်ရော ညရော ဝင်ဖမ်းထားတာဆိုတော့ မဖွင့်ရဲသေးဘူး ဖြစ်နေတာ”လို့ အင်းတော်မြို့နယ် ဒေသခံတဦးက ထပ်ပြောပါတယ်။

ဖမ်းဆီးခံရသူများတွင် CDMဆရာမများ ပါပါဝင်နေ​တဲ့အတွက် ဖမ်းဆီးခံရသူများနှင့် အဆက်စပ်ရှိသူများလည်း တိမ်းရှောင်ကြဖို့လည်း ဒေသခံတော်လှန်ရေးအင်အားစုတွေက အသိပေးထားတယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီတပ်တွေဟာ နဘားလမ်းဆုံမှာ ကားတွေကိုစစ်ဆေးပြီး ပိုက်ဆံတောင်းတာတွေ ပြုလုပ်နေသလို အင်းတော်မှ တက်လာတဲ့ စစ်ကောင်စီတပ်အင်အား ၅၀ခန့်မှာလည်း နားရခေါင်ရွာထဲနှင့် နားရခေါင်ဘုရားတောင်ပေါ်တွင် ရောက်ရှိတပ်စွဲနေတယ်လို့လဲ သိရပါတယ်။

ဓာတ်ပုံ – Social Media