စစ်ကောင်စီတပ်အနားမနေကြဖို့ ချင်းလက်နက်ကိုင်အဖွဲ့သတိပေးအပြီး ဒေသခံတွေရွေ့ပြောင်းကြ

မေ၊ ၁၀
 
စစ်ကောင်စီတပ်ဖွဲ့နား မနေကြဖို့ ချင်းလက်နက်တပ်ဖွဲ့ဖြစ်တဲ့ CDF CDM SIYIN အဖွဲ့က သတိပေးပြီးနောက် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က ဒေသခံတွေဟာ ဒီကနေ့မေလ ၁၀ ရက်မနက်မှာ မြို့ထဲတဟန်းရပ်ကွက်နဲ့ နီးစပ်ရာအခြားနေရာတွေကို ပြောင်းရွှေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” မနက်ကတော့ အထုပ်တွေ၊ ဆိုင်ကယ်တွေနဲ့ ပြောင်းကြတာ ရှုပ်နေတယ်။ သူ့နီးစပ်ရာ၊ ကိုယ့်နီးစပ်ရာပြောင်းကြတာပါ။ ဦးရေကိုကတော့ အတိအကျမပြောတတ်ဘူး။ တထောင်ဝန်းကျင်တော့ ရှိလောက်တယ် ” လို့ ကလေးမြို့ဒေသခံတဦးက ပြောပါတယ်။
 
စစ်ကောင်စီအဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကလေးတက္ကသိုလ်နဲ့ ခိုင်ကမ်းရဲစခန်း တမိုင်ပတ်လည်ဝန်းကျင်က အရပ်သားတွေကို ဒီကနေ့ မေလ ၁၀ ရက်၊ မနက် ၁၀ နာရီနောက်ဆုံးထားပြီး နေရာကနေရှောင်တိမ်းထွက်ခွာကြဖို့ CDF CDM SIYIN က မေ ၉ ရက်မှာ ထုတ်ပြန်ခဲ့ပြီးနောက် အရပ်သားတွေ ခုလိုပြောင်းရွှေ့နေကြတာဖြစ်တယ်လို့ သိရပါတယ်။
 
Chinland Defense Force (CDF CDM SIYIN )ဟာ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်တိုက်ခိုင်နေတဲ့ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ စစ်ရေးလှုပ်ရှားနေတဲ့အဖွဲ့ဖြစ်ပါတယ်။
 
CDF CDM SIYIN က မပြောင်းရွေ့တဲ့အရပ်သားတွေ တစုံတရာထိခိုက်နစ်နာပါက တာဝန်ယူမှာမဟုတ်ဘူးလို့ အရေးပေါ်သတိပေးချက်ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
 
ဒါပေမယ့် တဖက်ကလည်း CDF CDM SIYIN ရဲ့ထုတ်ပြန်ချက်ကို လိုက်နာပြီး ရွှေပြောင်းတဲ့ အိမ်တွေကို မီးရှို့မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
” တချို့က ခြိမ်းခြောက်တာကို မသိကြခင် ပြောင်းနှင့်နေပြီ။ ဘယ်လိုလုပ်ကြမလဲ မသိသေးဘူး။ အိမ်မှာ အိမ်စောင့်သဘောမျိုး တယောက်နှစ်ယောက်နေပြီး ကျန်တဲ့သူတွေက ရှောင်နေတာမျိုး လုပ်ကြမလား မဆိုနိုင်ဘူး ” လို့ဒေသခံတဦးက ပြောပါတယ်။
 
လက်ရှိအချိန်အထိတော့ အရပ်သားတထောင်ဝန်းကျင်ဟာ သူတို့နေရာတွေကနေ ပြောင်းရွေ့သွားကြတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
 
” သူတို့က (စစ်ကောင်စီတပ်)ဘယ်သွားစေချင်မလဲ။ သူတို့အတွက်ကာဗာရတယ်။ လူသားဒိုင်းလုပ်လို့ရတယ်။ နေဖို့မယုံနိုင်ဘူး။ မိသားစုလိုက်ပြောင်းကြမှာ ” လို့ မိသားစုလိုက်ပြောင်းရွေ့ခဲ့တဲ့သူနဲ့ ဆွေမျိုးတော်စပ်သူတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့လပိုင်းအတွင်းကပဲ CDF CDM SIYIN တော်လှန်ရေးရဲဘော်တွေက ကလေးတက္ကသိုလ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို လျပ်တပြက် ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ယူဆောင်သွားတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့ပါသေးတယ်။
 
ယခုရက်ပိုင်းအတွင်း ကလေးမြို့ဝန်းကျင်မှာ စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့ဝင်တွေကြား စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
 
မေလ ၉ ရက်၊ ညနေပိုင်းမှာ စစ်ကောင်စီက ကလေးမြို့အနောက်တောင်ဘက်က လေးအိမ်စုရွာကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်သေဆုံးမူမရှိဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
ဓာတ်ပုံ – CJ