မရမ်းကုန်းမြို့နယ် လဝကရုံးဗုံးပစ်ခံရ၊ ပစ်ခတ်သူကို CCTV မှတ်တမ်းနဲ့ရှာနေ

ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်၊သမိုင်း ၁ရပ်ကွက်၊တပင်ရွှေထီလမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်က လဝရုံးကို ဒီကနေ့ ဇန်နဝါရီ (၁၉)ရက် မွန်းလွဲ ၁၂နာရီခန့်က အမည်မသိလူတဦးက လက်ပစ်ဗုံးနဲ့ ပစ်ခတ်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။

“ရုံးထဲကို အိတ်အမဲနဲ့ထုတ်ထားတဲ့ လက်ပစ်ဗုံးနဲ့ ပစ်ပြီးထွက်ပြေးသွားတာ၊ဗုံးကမပေါက်သေးတော့ အနားကလူတွေကလည်း ဘာမှန်မသိလိုက်ဘူး၊နောက်တော့ ရုံးထဲကလူတွေဝရုန်းသုံးကားနဲ့အပြင်က်ု ထွက်ပြေးလာတော့မှာ ဗုံးနဲ့ပစ်သွားတာကို သိရတာ”လို့ သမိုင်း ၁ ရပ်ကွက်၊တပင်ရွှေထီးလမ်းနေပြည်သူတဦးကပြောပါတယ်။

လဝကရုံးထဲ ပစ်ထည့်ခဲ့တဲ့ လက်ပစ်ဗုံးကတော့ ပေါက်ကွဲမှုမဖြစ်ခဲ့ဘဲ စစ်ကောင်စီတပ်တွေရောက် လာပြီး တပင်ရွှေထီးလမ်းနဲ့ ဗိုလ်ချုပ်လမ်း၊အနီးက စျေးဆိုင်တွေကိုပိတ်ခိုင်းကာ အဲ့ဒီရုံးအရှေ့မှာဘဲ ဖောက်ခွဲလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။

“ရဲတွေရော၊စစ်သားတွေရော ၁၅ယောက်လောက်ရှိတယ်၊စစ်တပ်က တာယာကွင်းတွေနဲ့အုပ်ပြီးဖောက် ခွဲလိုက်တာ”လို့ ဒေသခံတဦးကလည်း ပြောပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နဲ့ရဲတွေက အနီးရှိစျေးဆိုင်တွေက CCTV မှတ်တမ်းတွေကို လိုက်စစ်ပြီး ပစ်ခတ်သူပါဝင်တဲ့ CCTV ဖိုင်ကိုယူပြီး လိုက်လံရှာဖွေနေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ လဝကရုံးဟာ ဒီကနေ့မှာ ကောက်ပြီးသား အိမ်ထောင်စုစာရင်းတွေကို မှတ်တမ်းပြုစုနေတာဖြစ်ပြီး လက်ပစ်ဗုံးနဲ့ပစ်ခတ်ခံရပြီးနောက်မှာ ရုံးကိုပိတ်ထားတယ်လို့ဆိုပါတယ်။

မရမ်းကုန်းမြို့နယ်၊သမိုင်း ၁ရပ်ကွက်အတွင်းက လဝကရုံးဟာ အခုလို ဖောက်ခွဲတိုက်ခံရတာဟာ နှစ်ကြိမ်မြောက်ရှိပြီဖြစ်ပြီး ပထမအကြိမ်ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် ဗိုလ်ချုပ်လမ်းတလျှောက်ကို ပိတ်ပြီး စစ်တပ်လုံခြုံရေးယူထားခဲ့ပေမယ့် လက်ရှိမှာ အိမ်ထောင်စုစာရင်းတွေကောက်ခံနေတာကြောင့် ပြန်ဖွင့်ချိန်မှာ အခုလို ထပ်မံတိုက်ခိုက်ခံရတာဖြစ်ပါတယ်။

အခုလို လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။