မရမ်းကုန်း (၂) ရပ်ကွက်မှာ ရာအိမ်မှူးတစ်ဦး ပစ်ခတ်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၂) ရပ်ကွက်က ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးမောင်လတ်ဆိုသူကို ဒီကနေ့မနက်ပိုင်းမှာ အမည်မသိလက်နက်ကိုင်လူတစ်စုက သေနတ်နဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ မနက် ၇နာရီကျော်လောက်က မရမ်းကုန်းမြို့နယ်၊အမှတ်(၂)ရပ်ကွက်ရဲ့ ရာအိမ်မှူးဖြစ်သူ ဦးမောင်လတ်ဟာ အလယ်ဗဟိုလမ်း၊ဦးဗဟန်မီးပွိုင့်နဲ့ဦးအောင်ပွင့်လမ်းအနီးမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ ရတာဖြစ်တယ်လို့ အဲ့ဒီရပ်ကွက်ရဲ့ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ သမိုင်းလမ်းဆုံနဲ့ဘုရင့်နောင်ရဲ့ကြားမှာ အလယ်ဗဟိုလမ်းဆိုတာရှိတယ်။ဦးဗဟန်မှတ်တိုင်ဆိုရင် သိကြတယ်။အဲ့ဒိအလယ်ဗဟိုလမ်းမီးပွိုင့်နားမှာဖြစ်သွားတာ။သေသွားတာပေါ့။အဲ့ဒီနေရာမှာဘဲ သေဆုံးသွားတာပါ။”လို့ အမှတ်ရပ်ကွက်အတွင်းနေထိုင်သူတစ်ဦးကပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာတော့ အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ကို စုံစမ်းမေးမြန်းမှုတွေလုပ်ကာ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာ အနီးနားက CCTV တွေကို စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို မသိရသေးပါဘူး။