ဒီပဲယင်းမြိုနယ်မှာ စစ်အုပ်စုက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံပြည်သူသောင်းနဲ့ချီ တိမ်းရှောင်နေရ

Photo – ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အရှေဘက်ခြမ်းကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာတွေ လုပ်ဆောင်နေတာကြောင့် စစ်ကြောင်းနဲ့အနီးက ကျေးရွာဒေသခံသောင်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတာအပြင် ရဟတ်ယာဥ်တွေနဲ့တိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ အနေနဲ့ စစ်ကြောင်းများနဲ့ နီးကပ်တဲ့ ကျေးရွာတွေမှာ မခိုလှုံကြဖို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ကြေငြာထားပါတယ်။
“မနေ့က အဲ့ဒီစစ်ကြောင်း တနယ်ရွာကိုရောက်တဲ့ချိန်မှာ နမခနဲ့ ကန့်ဘလူတပ်ကနေ ရဟတ်ယာဉ်များနဲ့အရှေ့ ခြမ်းရွာတွေပေါ် ပစ်ခတ်တိုက်ခိုက်လူချခဲ့တာပါ။ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရွာက ပြည်သူအချို့ ထိခိုက်မိပြီး အတော်အများ စစ်ကြောင်းနဲ့ပိတ်မိပြီး ရှောင်ချိန်မရပဲပိတ်မိနေတယ်လို့သိရပါတယ်” လို့ ထောက်ပံ့ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ ဒီပဲယင်းမြို့နယ်အတွင်း ဇူလိုင်လ ၄ ရက်နေ့ကစပြီး စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒီပဲယင်းအရှေ့ခြမ်းရှိ မရကန်၊အုန်းခါး၊အင်ပင်၊ကုန်းတဲ၊ဘန့်ဘွေး၊သစ်တုံ၊ကုန်းကြီး၊ဝဲကြီး ၊ညောင်လှ၊သပြေသာ၊သရက်တော၊ရုံးသာ၊နများ ယဉ်ကျေး၊မူးရိုးကုန်းစတဲ့ရွာတွေက ပြည်သူ တစ်သောင်းကျော်လောက် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ဇူလိုင်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းတွေဟာ မရကန်ရွာနဲ့နမရွာ တွေမှာတပ်စွဲထားတဲ့အတွက် နမရွာမှာ ပိတ်မိနေတဲ့လူအရေအတွက်ကို မသိရသေးဘူးလို့ ဆိုပါတယ်။
အကြမ်းဖက်စစ်ကြောင်းတွေဟာ နီးစပ်ရာကျေးရွာတွေကို မကြာခဏ ကင်းပတ်တာ၊ လက်နက်ကြီးတွေ နဲ့ပစ်ခတ်တာ၊ပြည်သူတွေကိုဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်နေတာကြောင့် စစ်ဘေးပြည်တွေအနေနဲ့ စစ်ကြောင်းနဲ့နီးကပ်ရာကျေးရွာတွေဆီ မပြန်ကြဖို့ကိုလည်း စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။
လက်ရှိမှာ ဒီပဲယင်းစစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ အနေနဲ့လည်း စစ်ရှောင်ပြည်သူတွေအတွက်အရေးပေါ် ကူညီစောင့်ရှောက်ပေးနေသလို ပြည်တွင်း၊ပြည်ပအလှူရှင်တွေအနေနဲ့လည်း စစ်ရှောင်ပြည်သူတွေအတွက် ကူညီထောက်ပံ့ပေးကြဖို့အတွက်ကိုလည်း တိုက်တွန်းထားပါတယ်။
“စစ်ဘေးရှောင်အများစုက လူချည်းပဲထွက်ပြေးရတာကြောင့် အဓိကက စားသောက်ဖို့ခက်ခဲနေကြပါတယ် ။တချို့တောထဲဖြစ်သလို နေကြပြီး တချို့ နီးစပ်ရာရွာတွေက ကူညီနေပါတယ်ဗျ။ ကျနော်တို့အဖွဲ့အနေနဲ့လည်း စစ်ကြောင်းထိုးတည်းကကူနေတာမို့ ဆက်လက်ကူညီဖို့ကြိုးစားနေတုန်းပါပဲဗျ” လို့ ထောက်ပံ့ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။