ဂန့်ဂေါမှာဒေသကာကွယ်ရေးတပ်စခန်းတခုစီး နင်းခံရ

ဂန့်ဂေါမြို့ ၊စိန်ဒူးကျေးရွာအနောက်ဖက်က ဒေသခံကာကွယ်ရေးတပ် ယာယီစခန်းတခုကို စစ်ကောင်စီစစ်ကြောင်းက ဇန်နဝါရီ (၁၈) ရက်မှာ ဝင်ရောက်စီးနင်းခဲ့ပြီး ဒီကနေ့ မနက်ပိုင်းမှာ အဲ့စခန်းဝန်းကျင်မှာပဲ တိုက်ပွဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ကာ ကွယ်ရေးအင်အား စုတွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) ကစစ်ကောင်စီစစ်ကြောင်းဟာ ဇန်နဝါရီ (၁၈) ရက်မနက်မှာ စိန်ဒူးရွာအနောက်ဘက်ကို စစ်ကြောင်းထိုးခဲ့ပြီး ခ.လ.ရ (၅၀) တပ်ကလည်းလက်နက်ကြီးတွေနဲ့ နေ့လယ်ပိုင်းကနေ ညပိုင်းအထိ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“စခန်းက ဝတ်စုံလေးငါးခြောက်စုံလောက်ပဲပါသွားတယ်ပြောတယ်၊လူထိခိုက်တာ၊ပစ္စည်းကြီးကြီးမားမားဆုံးရှုံးတာမရှိဘူး” လို့ ဂန့်ဂေါမြို့နယ် ကာ ကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

အခုလိုစခန်းကိုဝင်ရောက်စီးနင်းခံရတာဟာ လွန်ခဲ့တဲ့ခြောက်လလောက်က CDM ဝင်ရောက်ခဲ့တဲ့ စိန်ဒူးရွာသား စစ်ကောင်စီစစ်သားတစ်ယောက်က တပ်ထဲကိုပြန်လည်ဝင်ရောက်ပြီး စခန်းတည်နေရာကို လိုက်ပြတာကြောင့်ဖြစ်တယ်လို့ ဒေသခံ တော်လှန် ရေးအင်အားစုဝင်တဦးကပြောပါတယ်။

အဲ့ဒီအချက်ကို DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ဒီကနေ့မနက်ပိုင်းမှာ စိန်ဒူးရွာအနောက်ဘက် ယာယီစခန်းကိုစီးနင်းပြီး စခန်းဝန်းကျင်မှာပဲ ညအိပ်တဲ့စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေးတပ်တွေတိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတော်လှန်ရေးအင်အားစုတွေဆီကသိရပြီး တိုက်ပွဲအတွင်းထိခိုက်မှုအခြေ အနေကိုတော့မသိရသေးပါဘူး။

 စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့မနက်ပိုင်းမှာ စိန်ဒူးရွာထဲက နေအိမ်တချို့ကို ဝင်ရောက်မွှေ နှောက်ဖျက်ဆီးပြီးနောက်  ဂန့်ဂေါ ခလ ရ(၅၀)တပ်ထဲ ပြန်ဝင်သွားတယ်လို့သိရပါတယ်။