ဂန့်ဂေါရဲစခန်းက ရဲနှစ်ယောက် အဖမ်းခံရပြီး ရဲမေတယောက် ပစ်ခတ်ခံရ

ဇူလိုင်လ ၃၁ ရက်နေ့က ဂန့်ဂေါမြို့ အနောက်ဘက်၊ရှောက်ပင်ကျေးရွာနားမှာ ဂန့်ဂေါမြို့မရဲစခန်းက ရဲသုံးယောက်ကို ယော ကာကွယ်ရေးအင်အားစု ထီးလင်း Yaw Defence Force Htilin အဖွဲ့က ဖမ်းဆီးခဲ့ရာမှာ နှစ်ယောက်ကို အရှင်ဖမ်းမိခဲ့ပြီး တယောက်က ထွက်ပြေးခဲ့တဲ့အတွက် ပစ်ဖမ်းရာမှာ အသေဖမ်းမိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ဂန့်ဂေါအနောက်ဖက် ရှောက်ပင်ရွာနားမှာဖြစ်တာ။ အဲ့သုံးယောက်က တောင်လိုလိုမြောက်လိုလုပ်နေကြတာ။ သတင်းစုံစမ်းတာပေါ့လေ။ အဲသမာ PDF တွေရဲ့ အဖမ်းကိုခံရတာ။ ကောင်မကထွက်ပြေးတော့ အပစ်ခံရပြီးသေသွားတယ်”လို့ ဆိုပါတယ်။
ဂန့်ဂေါရဲစခန်းက ခိုင်ဇာကြည်လွင် ၊ ဖြိုးသက် နဲ့ ရဲနိုင်ဝင်းထွန်း တို့သုံးယောက်ဟာ ဒေသကာကွယ်ရေးအဖွဲ့တွေ စိုးမိုးတဲ့ နယ်မြေထဲကို ဝင်ရောက်လာချိန်မှာ အခုလို အဖမ်းခံလိုက်ရတာပါ။
ရဲသုံးဦးကို ဖမ်းဆီးရမိကြောင်း YDF (Htilin)ဗဟိုကလည်း သြဂုတ် ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်မှာ တစ်ဦးက ထွက်​ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးစဥ် သေဆုံးခဲ့တာဖြစ်ပြီး ကျန်နှစ်ဦးကို သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစစ်မေးနေတယ်လို့လည်း YDF(Htilin)က ဆိုထားပါတယ်။
ယောဒေသဖြစ်တဲ့ ဂန့်ဂေါမြို့နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းရဲ့ နယ်မြေအများစုကို ဒေသခံ ကာကွယ်ရေးတပ်တွေက စိုးမိုးထားပြီး ရှောက်ပင်ရွာဟာ ဂန့်ဂေါမြို့နဲ့ ၅ မိုင်ဝန်းကျင်သာကွာဝေးပါတယ်။
လက်ရှိမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့တွေဟာ ဂန့်ဂေါ်မြို့ပေါ်မှာသာ ရှိနေကြပြီး ကျေးရွာတွေဘက်ကိုတော့ စစ်ကြောင်းထိုးတာလောက်ပဲ လုပ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။