ယောဒေသမှာ တလအတွင်း တိုက်ပွဲဆယ်ကြိမ်ထက်မနည်းဖြစ်

ဖေဖော်ဝါရီ၊ ၂၈

မကွေးတိုင်း၊ယောဒေသ၊ ဂန့်ဂေါ၊ကျောက်ထု၊ ထီးလင်းစတဲ့မြို့နယ်တွေမှာ ဖေဖေါ်ဝါရီလအတွင်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲဆယ်ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ ဒေသခံတော်လှန်ရေးအဖွဲ့တွေဆီကသိရပါတယ်။ 

“တိုက်ပွဲတွေကဖြစ်နေတာပဲ၊တော်တော်တန်တန်တော့မထုတ်ပြန်ကြတော့ဘူး၊ ဟိုတလောကပဲ လယ်ကြီး ဘက် မှာ စနိုက်ဘာနဲ့ပစ်လို့ ပျူနှစ်ယောက်သေတဲ့အပြင် ဒရုန်းနဲ့ဗုံးကျဲတာရော၊ လက်နက်ကြီးနဲ့ထုတာရော ငါး ယောက် သေတယ်၊တယောက်က ခါးကနေပြတ်သွားတာ” လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံ ကိုစတီဗင် ကပြောပါတယ်။ 

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ပျုုစောထီးကျေးရွာဖြစ်တဲ့ လယ်ကြီးရွာနဲ့ တောင်ခင်ရန်းရဲစခန်း၊ကန်ရွာရဲစခန်းတို့ကို ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေက မကြာခဏတိုက်ခိုက်မှုပြုလုပ်နေကြတယ်လို့ ဒေသခံတွေကလည်းပြောပါ တယ်။ 

မြစ်သာဆည်ကနေဆင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းကို ဂန့်ဂေါမြို့နယ်တောင်ပိုင်း မင်းရွာအနီးမှာဖေဖော်ဝါရီ ၂၄ ရက်က  Local PDF တွေအပါအဝင် ဂန့်ဂေါခရိုင်တပ်ရင်းတပ်ဖွဲ့တွေပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြရာမှာ စစ်သား လေးဦးသေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာအဖွဲ့အသီးသီးကထုတ်ပြန်ပါတယ်။

ဒါအပြင်  ဖေဖေါ်ဝါရီ ၇ ရက်နေ့မှာ မိန်းမခိုးပြေးလာဟန်ဆောင်ပြီး ထီးလင်းမြို့နယ်ထဲက ကာကွယ်ရေးတပ်ဖွဲ့ တွေရဲ့သတင်းကို စုံစမ်းဖို့လာတဲ့ စစ်ကောင်စီအဖွဲ့ဝင်နှစ်ဦးနဲ့ ပျူစောထီးအမျိုးသမီးတဦးကို YRA ကဖမ်းဆီးခဲ့ ပါတယ်။ 

ဖမ်းဆီးထားစဥ် ထွက်ပြေးဖို့ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ သုံးဦးစလုံးသေဆုံးခဲ့တယ်လို့ YRA ဆီက သိရပါတယ်။ ထီးလင်းမြို့၊ ကျင်းရွာအရှေ့ ပုံတောင်နတ်ထိပ်မှာ ကင်းလှည့်နေတဲ့ ပ.က.စ (၂၄) က စစ်ကောင်စီ အဖွဲ့ဝင်တွေကို ထီးလင်း PDF ကတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီစစ်သားသုံးဦးသေဆုံးပြီး MA 1 သေနတ်တလက်နဲ့ ကျည်တွေကိုသိမ်းဆီးရမိခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။

 ကျောက်ထုမြို့နယ်မှာလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီစစ်ကြောင်းကို ဖေဖေါ်ဝါရီ ၁၀ ရက်နဲ့ ၁၆ ရက်တွေမှာမိုင်းဆွဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအဖွဲ့ဝင် ဆယ်ဦးဝန်းကျင်သေဆုံးပြီး ကားနှစ်စီးပျက်စီးခဲ့တယ်လို့ ကျောက်ထု ဒေသခံတွေဆီကသိရပါတယ်။ 

ယောဒေသဟာ စစ်အာဏာရှင်ကိုခုခံတော်လှန်အားကောင်းတဲ့ဒေသဖြစ်ပြီး ဒေသတွင်းမြို့နယ်တွေကို စစ် ကောင်စီက စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားပါတယ်။ စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့အတွက် မြို့ပေါ်ကို သွားလာသူနည်းသွားတာကလွဲလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေစိုးမိုးထားတဲ့နယ်အများစုမှာတော့ အခြေ အနေတည်ငြိမ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။