ရွှေဘိုပေါ်ဆန်း စပါးအသစ်ဈေးနှုန်း တပတ် အတွင်းကျပ် ခုနစ်သိန်းဝန်းကျင်အထိ ခုန်တက်

ရွှေဘိုပေါ်ဆန်းစပါးအသစ်စျေးနှုန်းဟာ ပြီးခဲ့တဲ့ တပတ်လောက်ကစလို့ ဆက်တိုက် မြင့်တက်လာပြီး ဇန်နဝါရီ ၁၁ ရက်ကနေ ၁၈ ရက်အထိ တပတ်အတွင်း ကျပ်ခုနစ်သိန်းဝန်းကျင်အထိ ဈေးခုန်တက်သွားတယ်လို့ ဆန်စပါး ဈေးကွက်အတွင်းကစုံစမ်းသိရှိရပါတယ်။

လက်ရှိ ဆန်စပါးစျေးကွက်အတွင်းမှာ ရွှေဘိုပေါ်ဆန်း စပါးအသစ်စျေးနှုန်းတွေ မြင့်တက်နေသလို ရွှေဘိုပေါ်ဆန်းမွှေး ဆန်စျေးနှုန်းတွေလည်း စျေးနှုန်းတွေမြင့်တက်လာနေတာကြောင့် ရွှေဘိုမြို့ပေါ်ကဆန်စက်အချို့မှာကုန် ပစ္စည်းပြတ်လပ်တဲ့အထိ အရောင်းအဝယ်သွက်နေတာကြောင့် ဈေး ဆက်တက်နိုင်သေးတယ်လို့  ဆန်စပါး လုပ် ငန်းရှင်တွေက ပြောပါတယ်။

“ဘာကြောင့်ဆို မြန်မာ-တရုတ်နယ်စပ်ဂိတ်တွေက ပြန်ဖွင့်ထားပြီဆိုတော့ ဆန်စပါးအဝယ်က တိုးလာနေတယ်၊ အမှာတွေများနေတာပေါ့၊ဆန်စက်အချို့လည်း အမှာစာရင်းတွေရှိပေမယ့် ကုန်ပစ္စည်းပြတ်နေတာတွေ ရှိတယ်”လို့ ရွှေဘိုမြို့မှ ဆန်စပါးလုပ်ငန်းရှင်တဦးက DNA ကိုပြောပါတယ်။ 

ရွှေဘိုပေါ်ဆန်းစပါးအသစ်စပေါ်ချိန် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက ဈေးကောင်းခဲ့ပြီး စပါးတင်းတရာ ကျပ် (၁၅)သိန်းအထက် ပေါက်ဈေးရှိခဲ့ရာက လက်ရှိမှာ ကျပ် (၂၂)သိန်းဝန်းကျင်အထိ ဈေးနှုန်းမြင့်တက်သွားတယ်လို့ သူကပြောပါတယ်။

အခုလဆန်းပိုင်းမှာ စပါးဈေးက ကျပ်(၁၆)သိန်းဝန်းကျင်နဲ့ တည်ငြိမ်နေခဲ့ပေမယ့် ဇန်နဝါရီ(၁၀)ရက်နောက်ပိုင်းမှာ စတင်မြင့်တက်လာတာဖြစ်တယ်လို့ ဆန်စပါးလုပ်ငန်းးရှင်တွေက ပြောပါတယ်။

” အခုလို (၂၂) သိန်းစျေး ဖြစ်ပြီဆိုရင်တော့ တောင်သူတွေအတွက် အဆင်ပြေတာပေါ့၊အရင်ကတည်းက စစ်ကောင်စီရန်ကိုကြောက်ရလို့ စပါးတွေရောင်းချင်နေကြတာ၊အခုတော့ ကိုယ့်အိမ်မှာ စပါးမထားချင်ကြတဲ့ တောင် သူတွေ ရောင်းဖို့ပြင်နေကြတယ်”လို့ ရွှေဘိုခရိုင်အတွင်းက တောင်သူတဦးက DNA ကို ပြောပါတယ်။ 

ရွှေဘိုခရိုင်အတွင်းမြို့နယ်တွေမှာ စစ်ကောင်စီကကျေးရွာတွေထဲ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဒေသခံတောင် သူတွေရဲ့ နေအိမ်တွေထဲက ပစ္စည်းတွေလုယက်ယူဆောင်ပြီး မီးရှို့တာ၊ တောင်သူတွေရဲ့ အဓိက ဝမ်းစာစီးပွားရေး ဖြစ်တဲ့ စပါးကျီတွေကို မီးရှို့တာတွေလုပ်ဆောင်နေတာကြောင့် ဒေသခံတောင်သူတွေက ရိတ်သိမ်းပြီးတဲ့စပါးတွေ ကို ရတဲ့စျေးနဲ့ရောင်းချကြသလို အခြားလုံခြုံတဲ့တစ်နေရာမှာ သွားရောက်သိမ်းဆည်းတာတွေ လုပ်နေကြရ တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ပါးစေပျူစောထီးအဖွဲ့တွေကလည်း အကြမ်းဖက်စစ်တပ်နဲ့အတူ ဒေသ ခံတွေရဲ့ စပါးခင်းတွေထဲကို ဝင်ရောက်လုယက်ရိတ်သိမ်းတာ၊ ရိတ်သိမ်းပြီးစပါးတွေကို လုယက်ယူဆောင်တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လတ်တလော ဆန်စပါးဈေးကွက်ထဲမှာ ရွှေဘိုပေါ်ဆန်း စပါးအသစ် အနိမ့်စပါး တင်း တရာ ကျပ် (၁၉) သိန်း၊ အ လတ်စပါး ကျပ် သိန်း ၂၀၊ အမြင့်စပါး ကျပ် ၂၂ သိန်း အသီးသီးပေါက်စျေးရှိနေပြီး ရွှေဘိုပေါ်ဆန်းစပါးအဟောင်း ကတော့ တင်းတရာ ကျပ် ၂၇ သိန်း ပေါက်စျေးရှိနေတယ်လို့ ရွှေဘိုခရိုင်ဆန်စပါးစျေးကွက်ထဲက စုံစမ်းသိရ ပါ တယ်။ 

အဲ့ဒီလို ဆန်စပါးဈေးတက်နေတာကြောင့် ဒေသတွင်း စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာထောက်ပံ့ဖို့ ဆန်စပါးဝယ်ယူရေး  ခက်ခဲလာတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က ပြောပါတယ်။

လက်ရှိစစ်ကိုင်းတိုင်းကမြို့နယ်တွေအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးမီးရှို့မှုတွေလုပ်ရာမှာ နေအိမ်တွေ အပြင် ဆန်စက်တွေ၊ဆန်၊စပါးတွေနဲ့ ရိက္ခာကောက်ပဲသီးနှံတွေကိုပါ မီးရှို့တာ၊လုယက်သယ်ယူသွားတာ တွေလုပ် နေတယ်လို့ စစ်ကိုင်းဒေသခံတွေကပြောကြပါတယ်။