(အမှားပြင်ဆင်ချက်)
DNA မှာ ဒီဇင်ဘာ ၃၁ ရက်နေ့က ရေးထားတဲ့ ‘CDM ကျောင်းဆရာတဦးကို ဟင်္သာတခရိုင် တရားရုံးက သေဒဏ်ဆုံးဖြတ်ချက်ချ” ဆိုတဲ့ သတင်းမှာ (ဟင်္သာတခရိုင် တရားရုံးက တရားသူကြီး ဒေါ်အေးအေးခိုင်က) ဆိုတဲ့နေရာမှာ ( မြန်အောင်ခရိုင် ခရိုင်တရားသူကြီး ဦးဝင်းထွဋ်အောင်က)လို့ ပြင်ဆင်ဖတ်ရှု့ပေးပါရန် တောင်းပန်အပ်ပါသည် ။( မူရင်းသတင်းမှာလည်း ပြန်လည် ပြင်ဆင်လိုက်ပါပြီ။)
မြန်အောင်မြို့ဟာ မူလက ဟင်္သာတခရိုင်ရဲ့ ဧရိယာအတွင်းမှာ ရှိတဲ့မြို့တမြို့ အဖြစ်ကနေ စကစ လက်ထက်မှာ ခရိုင်အဆင့်ကို တိုးမြှင့်လိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ခရိုင်အင်္ဂါရပ်ပြည့်စုံအောင် ရှိမနေသေးတဲ့အပြင် ၊ အကျဉ်းသားတွေထားရှိဖို့ အကျဉ်းထောင်မရှိတဲ့အတွက် CDM ကျောင်းဆရာ ဦးကောင်းခန့်ကျော်ကို ဟင်္သာတအကျဉ်းထောင်မှာ ယာယီထိန်းသိမ်းထားပြီး ၊ တရားစီရင်တဲ့အခါမှာလည်း ဟင်္သာတခရိုင် တရားရုံးမှာ ရုံးထုတ်ကာ ၊ မြန်အောင်ခရိုင်က တရားသူကြီး ဦးဝင်းထွဋ်အောင်က ဟင်္သာတခရိုင်တရားရုံး တရားခွင်မှာ လာရောက်ဆုံးဖြတ်ချက် ချခဲ့ခြင်းဖြစ်တယ်လို့ DNA ရဲ့ သတင်းရင်းမြစ်က ပြောပါတယ် ။ သတင်းအချက်အလက်တွေကို အတည်ပြုချက်ရဖို့ အင်မတန်ခက်ခဲနေတဲ့ အချိန်အခါမှာ အခုလို ရှုပ်ထွေးတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် သတင်းရေးသားရာမှာ အချက်အလက်အချို့ မှားယွင်းခဲ့တဲ့အတွက် DNA မှ အနူးအညွှတ်တောင်းပန်အပ်ပါတယ်။
ဧရာဝတီတိုင်း ၊ ဟင်္သာတခရိုင် တရားရုံးက တရားသူကြီး ဒေါ်အေးအေးခိုင်က မြန်အောင်မြို့နယ် ထိပ်ပုတ်ကုန်း အထက(ခွဲ)ရဲ့ မူလတန်းပြဆရာတဦးဖြစ်တဲ့ ဦးကောင်းခန့်ကျော်ကို မနေ့က ဒီဇင်ဘာ (၃၀) ရက်နေ့မှာ သေဒဏ်ချမှတ်လိုက်တယ်လို့ မြန်အောင်ဒေသခံတဦးက DNA ကိုပြောပါတယ် ။
“သပြေကုန်းက ဒလန်ကို သတ်တယ်ဆိုပြီး သေဒဏ်ပေးတာ ။ သူသတ်တယ် မသတ်ဘူးဆိုတာ လက်ပူးလက်ကြပ် မိတာ ၊ အထောက်အထားရှိတာ မျိုးမဟုတ်ပဲ အနားပါတ်ဝန်းကျင်ကသူတွေကို ရမ်းသမ်းဖမ်းရင်း သံသယတရားခံအဖြစ် ဖမ်းသွားပြီးမှ အခုလို သေဒဏ်အပေးခံရတာလို့ မြင်တယ်လို့” မြန်အောင်ဒေသခံက သူ့အမြင်ကို ပြောပါတယ် ။
မူလတန်းပြဆရာ ဦးကောင်းခန့်ကျော်ဟာ မြန်အောင်မြို့နယ် ၊ သပြေကုန်းရွာ ဇာတိဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်ခဲ့သူ တဦးဖြစ်ပါတယ် ။
၂၀၂၁ ခုနှစ် ၊ အောက်တိုဘာလထဲမှာ သပြေကုန်းရွာက ဒလန်လို့နာမည်ကြီးတဲ့ ဦးဝင်းညွန့်အောင်(ခ)ဂျပ်ကြီးကို သတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပြီး ဟင်္သာတခရိုင်တရားရုံးမှာ ပုဒ်မ ၃၀၂ (၁)ခ ၊ ၅၀/စ ပုဒ်မတွေနဲ့ အမှုစွဲဆို ခံခဲ့ရပြီး အခုလို တနှစ်ကျော်အကြာမှာ သေဒဏ်ချမှတ်ခံခဲ့ရတာပါ ။
ဦးကောင်းခန့်ကျော်ကို သေဒဏ်ချမှတ်ပြီးနောက်မှာ ဟင်္သာတအကျဉ်းထောင်ကနေ ပုသိမ်အကျဉ်းထောင်ဆီကို နေ့ချင်းရွှေ့ပြောင်းခဲ့တယ်လို့လည်း သိရပါတယ် ။