ကမာရွတ်မြို့နယ်စာရင်းစစ်ရုံး လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခံရ

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊အမှတ် ၁ရပ်ကွက်၊ဆီစက်လမ်းမှာရှိတဲ့ မြို့နယ်စာရင်းစစ်ရုံးကို ဒီကနေ့ မွန်းလွဲ ၁၂နာရီ ၄၅မိနစ်အချိန်က လက်ပစ်ဗုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ​Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက DNAကိုပြောပါတယ်။
“လမ်းကြပ်တဲ့ကြားထဲကနေလုပ်ခဲ့ရတာ ကလေးတွေလည်း စိုးရိမ်စိတ်နည်းနည်းတော့ရှိ့ခဲ့တယ်။ခွေးစစ်တပ် လက်အောက်ခံဆိုရင်ဒေါက်တိုင်ပဲ ဒါကြောင့်ဖြိုတာပါ”လို့ Freeland Attack Force (FLA)အဖွဲ့ရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုကိုတော့ Freeland Attack Force (FLA)နဲ့မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ Emerald Girls Army (EGA) ၊ Revolution of 21 Century အဖွဲ့တွေကပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရုံးအတွင်းက လူတချို့ထိခိုက်ဒဏ်ရာအနဲငယ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပစ်တဲ့အရှိန်က ရုံးဝင်းထဲလောက်ပဲကျတာဆိုတော့ ပြင်းပြင်းထန်ထန်ထိခိုက်တာမျိုးတော့မရှိဘူး။တစ်ယောက်လောက်ပဲ အစ စင်လို့ ပွန်းပဲတဲ့အနေအထားမျိုးလောက်ပဲရှိတယ်လို့တော့ ကြားမိတယ်”လို့ ကမာရွတ်မြို့နယ် ၁ရပ်ကွက်အတွင်းနေထိုင်သူတဦးကပြောပါတယ်။
ပေါက်ကွဲမှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေရောက်ရှိလာပြီးစစ်ဆေးမှုအချို့ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Freeland Attack Force (FLA)အဖွဲ့ကတော့ လမ်းသွားလမ်းလာပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်က အန္တရာယ်ပြုနိုင်တာကြောင့် ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီးဝန်းကျင်ကိုရှောင်ရှားသွားလာကြဖို့ မေတ္တာရပ်ခံထားပါတယ်။