ကျောက်တံတားမြို့နယ် ကမ္ဘောဇ ဘဏ်ခွဲဓားပြတိုက်သူကို ဖမ်းမိ

ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်၊ကုန်သည်လမ်းနဲ့ ဆိပ်ကမ်းသာလမ်းထောင့် ဆိပ်ကမ်းသာလမ်းပေါ်က ကမ္ဘောဇဘဏ်ခွဲ အမှတ် ၃၅ကိုဝင်ရောက်ဓားပြတိုက်ခဲ့သူကို ဘဏ်လုံခြုံရေးဝန်ထမ်းတွေနဲ့အနီးဝန်းကျင်က ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိရှိသူတွေက DNAကို ပြောပါတယ်။
 
“ဘဏ်ဝန်ထမ်းတွေက အနောက်ကလိုက်ပြီး အော်တော့ အနားကလူတွေကလည်း ဝိုင်းလိုက်ပြီး ဖမ်းလိုက်တာ၊အခုတော့ ရဲတွေခေါ်သွားပြီ၊တော်သေး တာက သူ့ဆီမှာပါတဲ့ ဓားနဲ့ ပြန်ခုခံတာ၊လူတွေဝိုင်းချုပ်ပြီး လုလိုက်လို့ ဝိုင်းဖမ်းတဲ့လူတွေလည်း ဘာမှမဖြစ်တာ၊ပွန်းတာ၊ပဲ့တာလောက်တော့ရှိတာပေါ့”လို့ ဆိပ်ကမ်းသာလမ်းအတွင်း စျေးရောင်းချသူတဦးကပြောပါတယ်။
 
ဓားပြတိုက်လုယက်သူဟာ ဒီကနေ့ ဇန်နဝါရီ ၁၇ ရက်၊နံနက် ၁၁နာရီခွဲဝန်းကျင်ကကမ္ဘောဇဘဏ်ခွဲ အမှတ် ၃၅ကိုလာရောက်လာချိန်မှာ ဘဏ်ဝန်ထမ်းတွေက စစ်ဆေးတာတွေလုပ်ခဲ့ပေမယ့် လွယ်ထားတဲ့ အိတ်အမဲရောင်အတွင်းက ငွေကြေးတချို့ကို ပြသခဲ့တာကြောင့် ဘဏ်ဝန်ထမ်းတွေက ဘဏ်အတွင်းဝင်ခွင့်ပြုခဲ့တာလို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတချို့မှာဖော်ပြပါတယ်။
 
အဲ့ဒီနောက် လုယက်သူဟာ ဘဏ်အတွင်း ငွေထုတ်ကောင်တာပေါ်မှာ တင်ထားတဲ့ ငွေကျပ်သိန်း (၁၉၀) ဝန်းကျင်ကို လုယူပြီး သေနတ်အတုတလက်နဲ့ဓားမြှောင်တလက်ကို တစ်ဖက်ဆီကိုင်ကာ ခြိမ်း ခြောက်ထွက်ပြေးခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိသူတဦးက ပြောပါတယ်။
 
“အထဲ ကောင်တာကနေ အော်လိုက်တော့ အဲ​ဒီကောင်ကထွက်ပြေးတာ၊အဲ့​ဒီမှာအနောက်ကနေ လုံခြုံရေးတွေက လိုက်တာ၊အခုတော့ ရဲတွေခေါ်သွားပြီ၊ပိုက်ဆံတွေပြန်ရတယ်၊သူ့ဆီမှာလည်း ပိုက် ဆံတချို့ပါတယ်၊အဲ့ဒါကိုတော့ ရဲတွေသိမ်းသွားတယ်”လို့ ဖြစ်စဥ်ကို တွေ့ရှိတဲ့ ဒေသခံတဦးကလည်း ပြောပါတယ်။
 
လုယက်သူကို ဖမ်းဆီးရမိချိန်မှာ စစ်ကောင်စီရဲ့ ရဲတချို့ အသင့်ရှိနေခဲ့တာ၊လုယက်သူကို ဟန်ပြလိုက် ဖမ်းတယ်ဆိုတာတွေနဲ့ပတ်သက်ပြီး”အဲ့ဒါတော့ သေချာမသိဘူး၊လုတဲ့ကောင်ကို ဖမ်းမိတဲ့အချိန်မှာတော့ သူတို့ကရောက်နေပြီ၊သူတို့လည်း လိုက်ဖမ်းကြတာ၊အရင်ကဆိုရင် အဲ့လိုမျိုး ပတ်ဝန်းကျင်က ဖမ်းမိလို့ခေါ်ရင်တောင် တော်တော်နဲ့ရောက်လာတာမဟုတ်ဘူး”လို့ ဖြစ်စဥ်ကို မျက်မြင်တွေ့သူတဦးကပြောပါတယ်။
 
စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာတော့ တရားရုံးကို တရားခံလာပို့တဲ့ရဲတွေက သတင်းရပြီး လာရောက်ဝိုင်းဝန်းဖမ်းဆီးပေးတာဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါ့အပြင် ဒီကနေ့ဖမ်းမိတဲ့ ဘဏ်ဓားပြတိုက်သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း လမ်းမတော်မြို့နယ်က ဧရာဝတီဘဏ်ခွဲ (၃၇)မှာ ဓားပြပြီး ကျပ်သိန်းတရာလုယက်ခဲ့သူဖြစ်တယ်လို့ အဲ့ဒီမီဒီယာတွေကဖော်ပြပါတယ်။