ဂန့်ဂေါနယ်ထဲ တိုက်ပွဲကပြန်လာတဲ့ စစ်တပ်က ရှုံးရှိကျေးရွာကို လက်နက်ကြီးတွေနဲ့ပစ်ခတ်၊ နေအိမ်တလုံးကို မီးရှို့

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲမှာ စစ်ကြောင်းလှည့်နေတဲ့ စစ်တပ်ဟာ ဒီကနေ့နေ့လယ်ပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ််ခဲ့ပြီး ဂန့်ဂေါမြို့ဘက်အပြန်မှာ ရှုံးရှိကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့သလို နေအိမ်တလုံးကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။

ဂန့်ဂေါမြို့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲဖြစ်ပြီး ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ (၂၆) ရက် ဒီကနေ့ ညနေပိုင်းမှာ ရှုံးရှီကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး နေအိမ်တစ်လုံးကို မီးရှို့ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

“သင်းတို့က ခံခဲ့ရရင်သလိုခဲပ၊ အသံတွေတော့ မြို့ထဲကနေကြားနေရတာ၊ ရွာသားတစ်ယောက် လည်းမှန်တယ် ဆိုလောကြားတယ်” လို့ ဂန့်ဂေါမြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က ပစ်ခတ်မှုကြောင့် ရှုံးရှီရွာသားတစ်ယောက် လက်မောင်းကို ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီး မီးရှို့ခံရတဲ့နေအိမ်ကတော့ ဒေသခံတွေ အချိန်မီ ငြှိမ်းသတ်နိုင်လို့ ပျက်စီးဆုံးရှုံးမှုအနည်းအကျဉ်းသာရှိတယ်လို့ သိရပါတယ်။

ရှုံးရှီကျေးရွာတောင်ဘက်မှာ ဒီကနေ့ နေ့လယ်ပိုင်းက ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ကာကွယ်ရေးတပ်က ရဲဘော်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ တိုက်ပွဲဖြစ်ပွားအပြီး ဂန့်ဂေါမြို့ ခ.လ.ရ (၅၀) ကိုအပြန် ရှုံးရှီကျေးရွာကို အဖြတ်မှာ လမ်းနဲ့နီးတဲ့ နေအိမ်တချို့ကို ပစ်ခတ်ဖျက်ဆီးတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း ဂန်ဂေါမြို့အနောက်ဘက်ကို နေ့စဥ်ရက်ဆက်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ညပိုင်းတွေမှာလည်း ခ.လ.ရ (၅၀) ထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဂန့်ဂေါမြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဂန့်ဂေါမြို့အနီးက ဇဟောကျေးရွာ ဒေသခံနှစ်ဦးဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်သေဆုံးခဲ့သလို စစ်ကောင်စီစစ်ကြောင်းနဲ့တိုးတဲ့ ဇဟောရွာသားတစ်ဦးနဲ့ ရှုံးရှီရွာသား တဦးဟာလည်း ပစ်သတ်ခြင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။