ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ရွာတွေကို မီးရှို့နေတဲ့ စစ်သားနှစ်ယောက် စနိုက်ပါလက်ချက်နဲ့သေ

ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မောက်ရွာကနေ လက်ပန်ရွာဘက်ကို ကူးဖို့ကြိုးစားတဲ့ စစ်ကောင်စီစစ်ကြောင်းရှေ့ပြေးကင်းအဖွဲ့က စစ်သားနှစ်ဦးကို ယောဒေသကာကွယ်ရေးတပ်( YDF )ရဲ့ စနိုက်ပါသမားတစ်ဦးက သြဂုတ်လ ၂၇ ရက်နေ့ မှာ ပစ်သတ်ခဲ့တယ်လို့ YDF ဗျူဟာမှူး သခင်ဇော်က DNA ကိုပြောပါတယ်။
” သူတို့ရှေ့ပြေးကင်းက လက်ပန်ဖက်ကို ကူးဖို့ ကြိုးစားတာမှာ ကျနော်တို့တပ်ဖွဲ့က စနိုပ်ပါသမားကပစ်လို့ နှစ်ယောက်သေသွားတာပါ” လို့ ဆိုပါတယ်။
သြဂုတ်လ ၂၇ ရက်နေ့မှာ မြစ်သာမြစ်အနောက်ဘက်မှာရှိတဲ့ မောက်ရွာကနေ မြစ်အရှေ့ဘက်မှာရှိတဲ့ လက်ပန်ရွာဘက်ကို စစ်ကောင်စီအင်အား (၂၀) လောက် စစ်ကြောင်းထိုးလာရာမှာ YDF က စောင့်ကြိုပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
ကြိုးတံတားပေါ်ဖြတ်လာတဲ့ ပထမတစ်ယောက်ကို ပစ်ခတ်ခဲ့ပြီး အလောင်းလာကောက်တဲ့ နောက်တစ်ယောက်ကိုပါ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် နှစ်ယောက်သေဆုံးခဲ့ပြီး အလောင်းတွေကို လာမကောက်ရဲကြဘူးလို့ YDF က ထုတ်ပြန်ပါတယ် ။
လက်ပန်ရွာကို မကူးနိုင်တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မောက်ရွာဘက်ကနေ လက်ပန်ရွာကို လက်နက်ကြီးလှမ်းထုတာကြောင့် လက်ပန်ရွာ စာသင်ကျောင်းနားနဲ့ ဆေးရုံနားမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ လက်ပန်ကျေးရွာဟာ တိပိဋကယောဆရာတော်ကြီးရဲ့ ဇာတိချက်မြုပ်ကျေးရွာဖြစ်ပြီး ဆေးရုံမှာ ဆရာတော်ကြီး ဆောက်လုပ်လှူန်ဒါန်းထားတဲ့ ကုသိုလ်ဖြစ်ဆေးရုံဖြစ်ပါတယ်။
သြဂုတ်လ ၂၈ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းက မောက်ရွာကို မီးရိူ့ပြီး ထွက်ခွာသွားတာကြောင့် မောက်ရွာကို ရှင်းလင်းရေး ဝင်ရောက်ခဲ့ရာမှာ နေအိမ် (၂၄) လုံး၊ နှမ်းအတင်း သုံးထောင်မီးလောင်ပျက်စီးနေပြီး မောက်ရွာသားနှစ်ဦးကိုလည်း သတ်ဖြတ်ထားခဲ့တယ်လို့ YDF ကထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှာ စစ်ရေးတင်းမာနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
Photo – ပုံအဟောင်း အသုံးပြုထားခြင်း ဖြစ်ပါသည်။