အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုရပ်ဖို့ ဆန္ဒပြခဲ့တဲ့ ကလေးမြို့ပင်မသပိတ်

ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးမြို့ခံပြည်သူတွေဟာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေရပ်တန့်ဖို့ ” ရပ်” ဆိုတဲ့စာတန်းကိုင်ဆောင်ပြီး နိုဝင်ဘာ (၂၆) ရက်ဒီကနေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။

” အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ဖို့ မနေ့က ဟောပြောပွဲတွေလုပ်တယ်၊ ဒီနေ့လမ်းပေါ်ကို ထွက်တယ်။ မနေ့ကရော၊ ဒီနေ့ရော အင်အားတော်တော်များတယ်” လို့ အမျိုးသမီးသပိတ်ခေါင်းဆောင်တဦးက ပြောပါတယ်။

နှစ်စဉ်ပြုလုပ်မြဲဖြစ်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာ လှုပ်ရှားမှုကာလ အထိမ်းအမှတ်အဖြစ် ကလေးမြို့ပင်မသပိတ်က အခုလို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အရင်ကတည်းက အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုနဲ့ ဖိနှိပ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ပိုမိုမြင့်တက်လာတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောထားပါတယ်။

ကလေးမြို့ ပင်ပသပိတ်အင်အားစုကလည်း ဒီကနေ့မှာ ပြည်သူတွေအပေါ် အကြမ်းဖက်မူတွေ ၊အမျိုးသမီးတွေအပေါ် လိင်အကြမ်းဖက်မူ့တွေ ပိုမိုကျူးလွန်နေတဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေကို အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့အတွက် အမျိုးသမီးတွေ ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးမြို့ ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို နည်းလမ်းအမျိုးမျိုးနဲ့ ပျက်ရက်မရှိ သပိတ်မှောက်ဆန္ဒပြလာတာ ရက်ပေါင်း (၆၅၈) ရက် ရှိခဲ့ပြီဖြစ်ပါတယ်။