ရော်နယ်လ်ဒို၊ မက်ဆီတို့ကိုကျော်ပြီး ဝင်ငွေအကောင်းဆုံး ဖြစ်လာတဲ့ အမ်ဘက်ပီ  

Photo – Eurosport

ကမ္ဘာပေါ်မှာ ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတွေ စာရင်းမှာ ကိုင်လီယန် အမ်ဘက်ပီ ခရစ္စတီယာနို ရော်နယ်လ်ဒိုရော၊ လီယွန်နယ် မက်ဆီကိုပါ ကျော်တက်ပြီး ပထမဆုံးအကြိမ် ဦးဆောင်လာခဲ့ပါတယ်။ 

Forbes မဂ္ဂဇင်းကြီးက ထုတ်ပြန်တဲ့ တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတွေ စာရင်းမှာ အမ်ဘက်ပီက ဒေါ်လာ ၁၂၈ သန်းနဲ့ ဦးဆောင်နေပါတယ်။ သူ့နောက်မှာတော့ ပီအက်စ်ဂျီ အသင်းဖော် မက်ဆီက ဒေါ်လာ သန်း ၁၂၀ နဲ့ ဒုတိယ၊ ရော်နယ်လ်ဒိုက ဒေါ်လာ သန်း ၁၀၀ နဲ့ တတိယ အသီးသီး ရှိနေပါတယ်။ ပြင်သစ် လက်ရွေးစင် အမ်ဘက်ပီဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့နောက် ဝင်ငွေပမာဏ သိသိသာသာ တိုးပွားလာခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရော်နယ်လ်ဒို၊ ဒါမှမဟုတ် မက်ဆီ တစ်ယောက်ယောက်သာ ရှိခဲ့တဲ့ မှတ်တမ်းဟောင်းကိုလည်း အမ်ဘက်ပီက ချိုးဖျက်လိုက်ပါတယ်။ 

အမ်ဘက်ပီ၊ မက်ဆီ၊ ရော်နယ်လ်ဒိုနဲ့အတူ နေမာနဲ့ မိုဟာမက် ဆာလားတို့က ထိပ်ဆုံး ၅ ဦး စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ရော်နယ်လ်ဒို၊ မက်ဆီတို့ မတိုင်ခင် Forbesရဲ့ ဝင်ငွေ အကောင်းဆုံး ဘောလုံးသမားအဖြစ် နောက်ဆုံးအကြိမ် ဦးဆောင် ရပ်တည်သွားသူကတော့ အင်္ဂလန် အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ဟမ်းပါ။ 

အမ်ဘက်ပီဟာ နွေရာသီတုန်းက ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့တော့မယ်လို့ ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ မက်မောလောက်စရာ စာချုပ်သစ်ကို လက်ခံပြီး သက်တမ်းတိုးဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း သူ့ရဲ့ တစ်နှစ်တာ ဝင်ငွေ ကိန်းဂဏန်းတွေက ရုတ်တရက် မြင့်တက်လာပါတယ်။ အသက် ၂၃ နှစ်သာ ရှိသေးပေမယ့် အမ်ဘက်ပီဟာ ပြင်သစ်နဲ့အတူ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ခဲ့ဖူးသလို ကလပ်အသင်း အဆင့်မှာလည်း ဆုဖလား ၁၁ လုံး ကိုင်မြှောက်ခဲ့ပြီးပါပြီ။ 

အခုနွေရာသီမှာ ဘိုရပ်ရှား ဒေါ့တ်မန်ကနေ မန်ချက်စတာ စီးတီးကို ပြောင်းရွှေ့လာပြီး ၁၂ ပွဲမှာ ၁၉ ဂိုး သွင်းနိုင်တဲ့ထိ ခြေစွမ်းပြထားတဲ့ အာလင်းဟာလန်းကလည်း ဝင်ငွေအကောင်းဆုံး ဘောလုံးသမားတွေ စာရင်းရဲ့ ထိပ်ဆုံး ၁၀ ဦးထဲကို ပထမဆုံးအကြိမ် ပါဝင်ခွင့် ရလာပါတယ်။ နော်ဝေးသားဟာ ဒေါ်လာ ၃၉ သန်းနဲ့ ဆဋ္ဌမ နေရာမှာ ရှိနေပြီး ထိပ်ဆုံး ၁၀ ယောက်မှာ အသက် ၃၀ အောက် အရွယ်တွေဆိုလို့ သူရယ်၊ အမ်ဘက်ပီရယ် နှစ်ဦးသာ ပါဝင်နေတာကိုလည်း တွေ့ရပါတယ်။ 

Forbesမဂ္ဂဇင်းက ဖော်ပြတဲ့ တစ်နှစ်တာ ဝင်ငွေအကောင်းဆုံး ကစားသမား ၁၀ ယောက်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ကိုင်လီယန် အမ်ဘက်ပီ (ပြင်သစ်/ ပီအက်စ်ဂျီ) … ဒေါ်လာ ၁၂၈ သန်း

၂။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား/ ပီအက်စ်ဂျီ) … ဒေါ်လာ ၁၂၀ သန်း

၃။ ခရစ္စတီယာနို ရော်နယ်လ်ဒို (ပေါ်တူဂီ/ မန်ချက်စတာယူနိုက်တက်) … ဒေါ်လာ ၁၀၀ သန်း

၄။ နေမာ (ဘရာဇီး/ ပီအက်စ်ဂျီ) … ဒေါ်လာ ၈၇ သန်း

၅။ မိုဟာမက် ဆာလား (အီဂျစ်/ လီဗာပူးလ်) … ဒေါ်လာ ၅၃ သန်း

၆။ အာလင်း ဟာလန်း (နော်ဝေး/ မန်ချက်စတာစီးတီး) … ဒေါ်လာ ၃၉ သန်း

၇။ ရောဘတ် လီဝင်ဒေါစကီး (ပိုလန်/ ဘာစီလိုနာ) … ဒေါ်လာ ၃၅ သန်း

၈။ အီဒင် ဟာဇက် (ဘယ်လ်ဂျီယမ်/ ရီးရဲလ်မက်ဒရစ်) … ဒေါ်လာ ၃၁ သန်း

၉။ အန်းဒရက်စ် အင်နီယက်စတာ (စပိန်/ ဗစ်ဆဲလ်ကိုဘေး) … ဒေါ်လာ ၃၀ သန်း

၁၀။ ကီဗင် ဒီဘရိုင်း (ဘယ်လ်ဂျီယမ်/ မန်ချက်စတာစီးတီး) … ဒေါ်လာ ၂၉ သန်း