ကလေးခြောက်ဆယ်ကျော်ရဲ့ အသက်အတွက် တရားမျှတမှု တောင်းဆိုနေတဲ့ ဂမ်ဘီယာ မိခင်များ 

အိန္ဒိယ ကုမ္ပဏီ တစ်ခုက ထုတ်လုပ်တဲ့ ဆေးဝါးတွေကြောင့် ဂမ်ဘီယာမှာ ကလေး ၆၀ ကျော် သေဆုံးခဲ့တဲ့ ဖြစ်စဉ်အပြီး မိခင်တွေက တရားမျှတမှုကို တောင်းဆိုနေကြပါတယ်။ 

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အိန္ဒိယ ကုမ္ပဏီ ​Maiden Pharmaက ထုတ်လုပ်တဲ့ ဆေး ၄ မျိုးဟာ ဂမ်ဘီယာမှာ ကလေး ၆၆ ဦးထက်မနည်း သေဆုံးမှုတွေနဲ့ ဆက်စပ်ကြောင်း ကြေညာခဲ့တဲ့နောက် ချောင်းဆိုးနဲ့ အဖျားပျောက် ဆေးရည်တွေဖြစ်တဲ့ Promethazine Oral Solution၊ Kofexmalin Baby Cough Syrup၊ Makoff Baby Cough Syrup နဲ့ Magrip N Cold Syrupတွေကို စျေးကွက်ထဲကနေ အလျင်အမြန် ပြန်လည် သိမ်းဆည်းနေပါပြီ။ 

ဆေးရည်တွေရဲ့ နမူနာ ၂၃ ခုကို ဓာတ်ခွဲစစ်ဆေးပြီးချိန်မှာ ၄ ခုလောက်က Diethylene glycolနဲ့ Ethylene glycolဓာတ်တွေ လွန်လွန်ကဲကဲ ပါ​​ဝင်နေကြောင်း စိစစ် တွေ့ရှိခဲ့ပါတယ်။ အဲဒီ ဓာတ်ပစ္စည်းကြောင့် အာဖရိက နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာမှာ အသက် ၅ နှစ်အောက် ကလေးတွေ ကျောက်ကပ်ပျက်စီးပြီး သေဆုံးခဲ့ကြတယ်လို့ WHOက ယူဆထားပါတယ်။ ဒီကိစ္စအပေါ် Maiden Pharmaက ဘာမှတ်ချက်မှ မပေးသေးပေမယ့် အိန္ဒိယနဲ့ ဂမ်ဘီယာတို့မှာ စုံစမ်းစစ်ဆေးမှုတွေ အသီးသီး စတင်နေပါပြီ။ 

ဒီပြဿနာကို အကြောင်းပြုပြီး ကိုယ့်ရဲ့ ရင်သွေး ကလေးငယ်တွေကို ဆုံးရှုံးလိုက်ရတဲ့ ဂမ်ဘီယာ အမျိုးသမီးတွေက အခုအခါမှာ တရားမျှတမှု ရှာဖွေပေးဖို့ အာဏာပိုင်တွေဆီ တောင်းဆိုလာကြပါပြီ။ မိခင်တစ်ဦးက သူ့ရဲ့ ၃ နှစ်အရွယ် သားကို ဆေးတိုက်လိုက်တဲ့အခါ တုပ်ကွေးရောဂါ မြန်မြန် ပျောက်သွားကြောင်း၊ ဒါပေမဲ့ နောက်ထပ် ပြဿနာ တစ်ခုအဖြစ် ကလေးက ဆီးပါ မသွားနိုင်တော့ကြောင်း ပြောပါတယ်။ ကလေးကို ဆေးရုံ ခေါ်သွားပြီး သွေးစစ်ကြည့်တော့ ငှက်ဖျားလည်း မဟုတ်ဘူးလို့ အဖြေထွက်လာတယ်။ ကလေးက ဆီးမထွက်တဲ့အတွက် နောက်ဆုံး ခွဲစိတ်မှုပါ ခံယူခဲ့ရပေမယ့် အခြေအနေ တိုးတက်မလာဘဲ ကွယ်လွန်သွားခဲ့ကြောင်း အမျိုးသမီးက ဆိုပါတယ်။ 

WHOကတော့ အခု နာမည် ထုတ်ပြန်ထားတဲ့ ဆေး ၄ မျိုးကို မသုံးစွဲဘဲ စျေးကွက်ထဲကပါ ပြန်သိမ်းဆည်းဖို့ တစ်ကမ္ဘာလုံးကို သတိပေး ကြေညာထားပါတယ်။ အိန္ဒိယ အစိုးရ အခုကိစ္စအတွက် WHOနဲ့ ပူးပေါင်း စုံစမ်းနေကြောင်း အတည်ပြုထားပါတယ်။ ဂမ်ဘီယာက ဖြစ်စဉ်ဟာ ဆေးဝါး ထုတ်လုပ်ရေးမှာ နာမည်ကောင်း ရထားတဲ့ အိန္ဒိယအတွက် ကြီးမားတဲ့ ထိခိုက်မှုတစ်ခုလို့ ဆိုနိုင်ပါတယ်။ 

ဂမ်ဘီယာမှာလည်း ဆေးကုမ္ပဏီရဲ့ အမှားအယွင်းနဲ့ ပတ်သက်လို့ လူထုက အကြီးအကျယ် ဒေါသူပုန် ထနေပါတယ်။ နောက်ပြီး ဆေးဝါး အရည်အသွေး စိစစ်မှုမှာ ပေါ့လျော့ခဲ့တယ်ဆိုပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာ အာမာဒူ လာမင် ဆမာထာကို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုမှုတွေလည်း ပြင်းထန်လာနေပါတယ်။ 

ဂမ်ဘီယာမှာ ဆေးဝါးတွေရဲ့ အရည်အသွေးကို စိစစ်နိုင်တဲ့ အဆင့်မြင့် ဓာတ်ခွဲခန်းမျိုး မရှိသေးကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။ ဒါပေမဲ့ အစိုးရ အနေနဲ့ အခုကိစ္စကို အကြောင်းပြုပြီး အနာဂတ်မှာ ပိုပြီး သတိကြီးကြီး စီမံဆောင်ရွက်သွားမယ်လို့လည်း ပြောကြားထားပါတယ်။