မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်နှစ် နှစ်ဆယ် ထပ်ချခံရ


Photo မုံရွာသပိတ်ကော်မတီ

မေ – ၁၀ 

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာအကျဥ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဒီကနေ့မနက်ပိုင်းမှာ ထောင်တွင်းတရားရုံးက ထောင်ဒဏ်နှစ် ၂၀ ထပ်မံချမှတ်လိုက်တယ်လို့ မုံရွာလူထုသပိတ်ကော်မတီအဖွဲ့ဝင် ကိုရှင်းသန့်က ပြောပါတယ်။

မုံရွာစက်မှုဇုန်မှာ ရဲနှစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့ ပက်သက်ပြီး စစ်ကောင်စီတရားရုံးကကိုဝေမိုးနိင်အပေါ်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂(၂) ၊ ပုဒ်မ ၃၆၄(လူ သတ်ရန်ကြံစည်မှု) ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှူ ၅၀၅-(က) တို့နဲ့ ထပ်မံအမိန့်ချလိုက်တာပါ။

“ ၃၀၂(၂)အတွက်က ထောင်ဒဏ် ၂၀ ၊ ၃၆၄ အတွက်က ၂၀ ၊ ၅၀၅ အတွက် ၂ နှစ်ပေါ့ ၄၂ နှစ်ကိုမှာ တပေါင်းတည်း နှစ် ၂၀ ချလိုက်တာပါ “ လို့ ကိုရှင်းသန့်ကပြောပါတယ်။

ဒီကနေ့ မုံရွာအကျဉ်းထောင် တရားရုံးက ကိုဝေမိုးနိုင်အပါအဝင် ခြောက်ဦးကိုထောင် နှစ် ၂၀စီချမှတ်ခဲ့ပြီး ကျန်တဲ့ အယောက် သုံးဆယ်ကိုတော့ နှစ် နှစ်စီ ချမှတ်ခဲ့တာလို့ သိရပါတယ်။

အာဏသိမ်းခဲ့တဲ့ ၂၀၂၁ ဧပြီ လလယ်ပိုင်းလောက်က မုံရွာမြို့ ၊ သာစည်လမ်း ၊ မြို့မရွှေဂူကျောင်း တိုက် မုခ်ဦးနားမှာ စစ်တပ်အာဏသိမ်းမှုကို ကန့်ကွက်ကြောင်း ဆိုင်ကယ်တွေနဲ့ ဆန္ဒပြနေတဲ့ ကိုဝေမိုးနိုင်နဲ့ အဖွဲ့ ကို စစ်အုပ်စုက ကားနဲ့တိုက်ပြီးဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီကသူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ၊ နိုင်ငံတော်ပုန်ကုန်မှုအပါအဝင် အမှုပေါင်း ကိုးမှုနဲ့တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် ငါးဆယ်လေးနှစ် ချမှတ်ခံထားရတယ်လို့ ကိုရှင်းသန့်ကပြောပါတယ်။

“ ကျွန်တော်တို့ နိုင်မှအိမ်ပြန်လာရမယ့်သူတွေရှိတယ်၊ကျွန်တော်တို့တွေနိုင်အောင်တိုက်ဖို့ပြည် သူလူထုနဲ့ကျန်တဲ့အဖွဲ့တွေအားလုံးကိုမေတ္တာ ရပ်ခံချင်ပါတယ် “ လို့ သူကပြောပါတယ်။