မတ္တရာမြို့အနီးက  စစ်စခန်းငယ်တခုကို မန်းPDFသိမ်းပိုက်၊ဗိုလ်ကြီးတဦးအပါအဝင် စစ်သားတဒါဇင်သေဆုံး


Photo – MDY PDF
မေ၊ ၁၀

မန္တလေးတိုင်း မတ္တရာမြို့နဲ့ နှစ်မိုင်အကွာမှာရှိတဲ့ စစ်ကောင်စီတပ်အထိုင်ချစခန်းငယ်တခုကို ဒီကနေ့မနက်ငါး နာရီ မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၁၂ဦးသေဆုံးကာ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးကျဆုံးတယ်လို့ မန္တလေး PDF က ထုတ်ပြန်ပါတယ်။

မတ္တရာမြို့မြောက်ဘက် နှစ်မိုင်အကွာ တောင်တံငါကျေးရွာ ဘုန်းကြီးကျောင်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ကို ၄၅မိနစ်ကြာ တိုက်ခိုက်ပြီးနောက် သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဗိုလ်ကြီးကိုင်ဆောင်တဲ့ ပစ္စတိုသေနတ်တလက်အပါအဝင် လက်နက်ခဲယမ်းတွေနဲ့ Drone Jammer တလက်တို့ကိုပါ သိမ်းဆည်းရရှိခဲ့ပေမယ့် စစ်ဗိုလ်ကိုင်တဲ့ပစ္စတိုသေနတ်ဟာကလေးကစားစရာ ကော်စေ့သေနတ်ဖြစ်နေတယ်လို့လည်း ဆိုထားပါတယ်။

အဲ့ဒီစခန်းဟာ မတ္တရာမြို့ကနေ  စဉ့်ကူးမြို့ဘက်အထွက်မှတည်ရှိကာ မတ္တရာမြို့နဲ့ ရေနံ့သာကျေးရွာကြားမှာ  ပြည်သူတွေဆီက ငွေကြေးကောက်ခံလေ့ရှိတဲ့ စခန်းလို့လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ထုတ်ပြန်ထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ အဲ့ဒီစခန်းသိမ်းတိုက်ပွဲကနေ ငွေသားအချို့လည်းသိမ်းဆည်းရရှိထားတာတွေ့ရပေမယ့် ဘယ်လောက်ရထားတယ်ဆိုတာကိုတော့မသိရပါဘူး။

မတ္တရာမြို့နဲ့ မန္တလေးမြို့ဟာ ခုနစ်မိုင်လောက်သာဝေးပြီး မတ္တရာမြို့နယ် အရှေ့ခြမ်းမှာရော အနောက်ခြမ်းမှာပါ တော်လှန်ရေးအင်အားစုတွေ အခြေစိုက်လှုပ်ရှားနေသလို စစ်ကောင်စီကလည်း ကျေးရွာတွေကို စစ်ကြောင်း ထိုး တိုက်ခိုက်တာတွေလုပ်လေ့ရှိပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ဟာ မန္တလေးနဲ့ ရှမ်းပြည်နယ်အစပ်ဒေသတွေမှာ ပြီးခဲ့တဲ့ ဧပြီလကနေ အခုလအထိ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

အဲ့ဒီတပ်ဖွဲ့ဟာ ဧပြီလအတွင်း ပြင်ဦးလွင်မြို့က DSA ကျောင်းကို ရှော့တိုက်ဒုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သလို နောင်ချိုမြို့နယ်သရက်ကုန်းရွာက စစ်ကောင်စီစခန်း၊စဉ့်ကူးမြို့နယ် ဝါးပိုးချပ်ကျေးရွာက စစ်ကောင်စီစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။