YRF အဖွဲ့ဝင် ကိုဗညားစိုးထက်ကို စစ်ကောင်စီက ထောင် ၁၀ နှစ်ထပ်မံချ၊ စုစုပေါင်း ၈၄ နှစ်အထိရှိလာ

ဧပြီ၊ ၃၀
 
ရန်ကုန်တော်လှန်ရေးအင်အားစု- YRF အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဗညားစိုးထက်ကို အာဏာသိမ်းစစ်ကောင်စီရဲ့ အင်းစိန်ထောင် အထူးတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ – ညနဲ့ ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်က ထောင်ဒဏ် ၁ဝ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။
 
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ရူပဗေဒအထူးပြုဘွဲ့ရ ကိုဗညားစိုးထက်ဟာ လူသတ်မှုအပါအဝင် ပုဒ်မနှစ်ခုအတွက် ထောင် ၇၄ နှစ် ချခံထားရသူဖြစ်ပြီး အခုထပ်မံချမှတ်လိုက်တဲ့ ထောင်ဒဏ် ၁၀ နှစ်အပါအဝင် စုစုပေါင်း ထောင်ဒဏ် ၈၄ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
 
အခုလို စစ်ကောင်စီက မတရားအမိန့်နဲ့ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ထားတဲ့အပေါ် ရန်ကုန်တော်လှန်ရေးအင်အားစု-YRF အဖွဲ့ရဲ့ တာဝန်ရှိတစ်ဦးက ” အမှန်တရားဆိုတာ မရှိနေတဲ့အချိန်မှာတော့ စကစ က ဥပဒေကို သူတို့စိတ်လိုလက်ရ လုပ်ဆောင်နေမှာပဲ။ မတရား အမိန့်တွေ ချမှတ်နေမှာပါပဲ။ လက်နက်အားကိုးပြီး သူတို့ကိုတော်လှန်တဲ့သူတွေကို အငြိုးနဲ့ အစွမ်းကုန်ဖိနှိပ်နေတာပါ။ ကျနော်တို့အဖွဲ့မှာဆိုလည်း အကျဉ်းချခံထားရတဲ့ ရဲဘော်တွေ အများကြီးရှိပါတယ်။ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့သူတွေကို မဆိုင်တဲ့ ပုဒ်မတွေတပ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတာတွေကို လုပ်ဆောင်နေကြတယ်။ ထပ်ပြီးတော့လည်း လုပ်ဆောင်နေကြမှာပဲ။ ဒီလိုလုပ်ဆောင်တဲ့အပေါ်မှာ အကျဉ်းကျခံနေရတဲ့ ရဲဘော်တွေကလည်း တုန်လှုပ်ခြင်းမရှိသလို အပြင်မှာကျန်ရှိနေတဲ့ လူငယ်တွေကလည်း ကြောက်ရွံ့နေကြမှာ မဟုတ်ပါဘူး။ ဒီစစ်အုပ်စု အမြစ်ပြတ်ဖို့ ဆက်တိုက်နေကြမှာပါ ” လို့ DNA ကိုပြောပါတယ်။
 
ကိုဗညားစိုးထက်ဟာ အာဏာသိမ်းစစ်ကောင်စီပိုင် Mytel ရုံးချုပ် အထွေထွေမန်နေဂျာ ဦးသိန်းအောင်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့ လှိုင်မြို့နယ် (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းက ကုန်စုံဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ရာမှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအတွင်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
 
အဆိုပါအမှုအတွက် ကိုဗညားစိုးထက် အပါအဝင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ကိုစစ်ဇော်ကံကို ထောင်ဒဏ် ၇၄ နှစ် ၊ ကိုဗညားစိုးထက်ကို ထောင်ဒဏ် ၇၄ နှစ်၊ ကိုစိုင်းစည်သူကို ထောင်ဒဏ် နှစ် ၄၀၊ မဖြိုးအိကျော်ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့ပြီး ဒီထဲက ကိုစိုင်းစည်သူကလွဲပြီး ကျန်တဲ့သူတွေက YRF အဖွဲ့ဝင်တွေဖြစ်တယ်လို့ YRF က ဆိုပါတယ်။
 
လက်ရှိမှာ ကိုဗညားစိုးထက်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေပြီး မိသားစုနဲ့လည်း အဆက်အသွယ်ရရှိနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူကလည်း တော်လှန်ရေးကို အဆုံးထိ ဆက်လက်ပါဝင်တိုက်ပွဲဝင်နေတယ်လို့လည်း ပြောပါတယ်။
 
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ တနိုင်ငံလုံးမှာ ထောင်ဒဏ်ချမှတ်ခံရသူ ၅၇၂၄ ဦး ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေးအသင်း (AAPP)ရဲ့ ဧပြီလ ၂၈ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။ 
ဓာတ်ပုံ – မြဝတီသတင်းစာ