ဂန့်ဂေါမှာ ပီဒီအက်ဖ်နဲ့ စစ်ကောင်စီတပ်က စားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့်ပိတ်လို့ ဒေသခံတွေအခက်တွေ့

ဇွန်၊ ၅
 
မကွေးတိုင်း၊ ယောဒေသ၊ ဂန့်ဂေါဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF)နဲ့ စစ်ကောင်စီတပ်တွေက စားသောက်ကုန်နဲ့ ဆေးဝါးသယ်ယူခွင့်ကို အပြန်အလှန်ပိတ်ပင်နေကြလို့ ဒေသခံအရပ်သားတွေ အခက်တွေ့နေကြတယ်လို့ စုံစမ်းသိရပါတယ်။
 
အခုလိုတားမြစ်တာဟာ ပြီးခဲ့တဲ့သုံးရက်က ဂန့်ဂေါမြို့နဲ့ မန္တလေးကြား လမ်းပိုင်းတနေရာမှာ ပြည်သူ့ကာကွယ်ရေးတပ် PDF က ဂိတ်ဖွင့်ပြီး ဂန့်ဂေါမြို့ကို ကုန်ပစ္စည်းတွေ သယ်ယူခွင့်မပေးတဲ့နောက်မှာ စစ်ကောင်စီဘက်က လက်တုန့်ပြန်တဲ့အနေနဲ့ စစ်ကောင်စီဘက်က ဇွန်လ ၄ ရက်မနေ့ကစပြီး လုပ်ဆောင်တာလို့ ဒေသခံတွေက ပြောပါတယ်။
 
” မြို့ပေါ်ကနေ ဘာပစ္စည်းမှ သယ်ခွင့်မပြဘူး။ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်၊ ငါးပိ၊ ဟင်းချို့မှုန့်ကအစ ချိုချည်အထိ သယ်ခွင့်မပြုဘူး။ ဂိတ်တွေမှာ နင်းစစ်နေတယ် ” လို့ ဂန့်ဂေါမြို့ခံတဦးက ပြောပါတယ်။
 
အဲဒီလို ဆေးဝါးနဲ့ စားသောက်ကုန်တွေကို သယ်ယူပိတ်ပင်တာကို တရားဝင်စာထုတ်ပိတ်ပင်တာမျိုးမဟုတ်ဘဲ မြို့အထွက်ဂိတ်တွေကနေ စစ်ကောင်စီလုံခြုံရေးတွေက စစ်ဆေးပြီး သယ်ဆောင်ခွင့်မပြုတာဖြစ်တယ်လို့ ဆိုပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အဖွဲ့တခုက ဂန့်ဂေါနဲ့ မန္တလေးကြားတနေရာမှာ ဂိတ်ဖွင့်ပြီး ဇွန် ၂ ရက်နေ့ကစပြီး ဂန့်ဂေါမြို့ပေါ်ကို ကုန်ပစ္စည်းတွေ သယ်ယူခွင့်မပြုခဲ့တာဖြစ်တယ်လို့ ဒေသသတင်းတွေ ဖော်ပြနေတဲ့ ယောအလင်းတန်း လူမှုကွန်ရက်စာမျက်နှာ က ဖော်ပြထားပါတယ်။
 
ဂိတ်ဖွင့်တဲ့ အဖွဲ့အစည်းနာမည်နဲ့ နေရာကိုတော့ အတိအကျဖော်ပြထားမရှိပေမယ့် ဂန့်ဂေါဒေသခံတဦးကတော့ ပစ္စည်းသယ်ယူခွင့်ပိတ်တာဟာ ဂန့်ဂေါမြို့တောင်ပိုင်း ပုံညာတောင်အတက်နား ရေမျက်နီ ကျေးရွာဘက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
 
” ရေမျက်နီဘက်မှာ ပစ္စည်းတွေ ပုံလို့တဲ့။ ကြက်သားတွေလည်း ပုပ်ကုန်ပြီလို့ ကြားတယ် ” လို့ ဒေသခံတဦးက ပြောပါတယ်။
 
အဲဒီလို ကုန်ပစ္စည်းသယ်ယူခွင့်ပိတ်ပင်တဲ့ အဖွဲ့အစည်း၊ ဘာကြောင့် ပိတ်ပင်တယ်ဆိုတာနဲ့ ဂိတ်ကို ဘယ်နေရာမှာ ဖွင့်တာ စတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ DNA သတင်းဌာနအနေနဲ့ တိတိကျကျမသိရှိရသေးပါဘူး။
 
ဒေသခံကာကွယ်ရေးဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ နှစ်ဘက်အပြန်အလှန် ပိတ်ဆို့မှုသတင်းတွေကြောင့် ဒေသခံပြည်သူတွေကြား စိုးရိမ်မူတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
 
” မြို့ပေါ်မှာလည်း ပိတ်တယ်တဲ့လို့ သတင်းကြားတဲ့ နှစ်ရက်နေ့ကစလို့ ပိုက်ဆံရှိတဲ့သူတွေက စုံနေအောင် ဝယ်ထားကြတယ်။ ကျွန်မတို့လို မရှိတဲ့သူကတော့ ငတ်ခါမှငတ် မဝယ်နိုင်ဘူး။ ဒီအတိုင်းဆို ပြည်သူတွေ ကြားညှပ်ငတ်ကြမှာ ” လို့ ဂန့်ဂေါမြို့ပေါ်က အိမ်ထောင်ရှင်မတဦးက ပြောပါတယ်။
 
ပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ပိတ်ဆို့မူကြောင့် ဂန့်ဂေါမြို့ပေါ်နေ ပြည်သူတွေ အခက်အခဲတွေ့နိုင်ပြီး စစ်ကောင်စီရဲ့ ပိတ်ဆို့မှုကြောင့် ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ပြည်သူတွေ အခက်အခဲတွေ့လာနိုင်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
 
” ယောက်ယက်ခတ်နေကြတာ။ ပစ္စည်းသယ်လို့ မရဘူးဆိုတော့။ ပစ္စည်းတွေ ပြတ်တော့မှာဆိုပြီး ရွာထဲရှိတာဝယ်တဲ့သူတွေလည်း ရှိတယ်။ စိတ်ပူကြတာပ။ ငတ်ရင်လည်း အတူငတ်မှာပါ။ သူရောကိုရောပ” လို့ ဂန့်ဂေါမြို့နယ်မြောက်ပိုင်း ဒေသခံတဦးက ပြောပါတယ်။ 
ဓာတ်ပုံ – Social Media