ကျောက်တံတားမြို့နယ်အခွန်ရုံးနား မပေါက်ကွဲသေးတဲ့ ဗုံးနှစ်လုံးတွေ့ရှိ

ဇွန်၊ ၅
 
ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၇ လမ်းထိပ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ရှိတာကြောင့် စစ်ကောင်စီတပ်တွေက လမ်းပိတ်ဆို့ပြီး မပေါက်ကွဲသေးတဲ့ ဗုံးတွေကို ရှာဖွေနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
” ဗုံးပေါက်တာမဟုတ်ဘူး၊ ဗုံးတွေ့တာ။ လောလောဆယ် နှစ်လုံးတွေ့ထားပြီလို့တော့ ကြားတယ်။ ဆက်ပြီးရှာနေသေးတယ် ” လို့ အဲ့ဒီဖြစ်စဥ်အနီး နေထိုင်တဲ့ ဒေသခံတဦးက ပြောပါတယ်။
 
ဒီကနေ့ နေ့လယ် ၁၂ နာရီခန့်က ၃၇ လမ်းထိပ် ပြည်တွင်းအခွန်ဦးစီးဌာနရုံး အနီးမှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံးတွေ့တာကြောင့် စစ်ကောင်စီတပ်တွေဟာ အင်အားအများအပြားနဲ့ ရောက်ရှိလာတာဖြစ်ပါတယ်။
 
အဲ့ဒီတပ်ဖွဲ့တွေဟာ ပန်းဆိုးတန်းလမ်း၊ မဟာဗန္ဓုလလမ်းမကြီးနဲ့ ကုန်သည်လမ်းကို ပိတ်ဆို့ကာ မပေါက်ကွဲသေးတဲ့ ဗုံးကို ရှာဖွေရာကနေ နောက်ထပ်မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံးကို ထပ်မံတွေ့ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
 
” အခုသူတို့ ဖောက်ခွဲဖို့ လုပ်တာတော့ မတွေ့သေးဘူး အစ်ကို။ အခုဗုံးရှာတဲ့ BE တပ်ကလူတွေလည်း ရှိနေသေးတယ်။ လမ်းတွေလည်း အခုထိပိတ်ထားတုန်း။ ဒီနေရာမှာပဲ ဖောက်ခွဲမှာလား ။ သူတို့ဖြုတ်ပြီး ပြန်သယ်မှာလားလည်း မသိသေးဘူး။ အခုထိလည်း အလုပ်တွေရှုပ်နေကြတုန်းပဲ ” လို့ အဲ့ဒီဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေက ပြည်တွင်းအခွန်းရုံးဝန်ထမ်းတွေကို စစ်ဆေးတာ၊ လမ်းသွား လမ်းလာတွေကို စစ်ဆေးတာတွေအပြင် အနီးတစ်ဝိုက်ကိုလည်း သေနတ်နဲ့ အသင့်ချိန်ရွယ်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
 
လက်ရှိမှာ လမ်းတွေပိတ်ဆို့ထားတာကြောင့် ခရီးသည်ယာဥ်အချို့နဲ့ မော်တော်ယာဥ်တွေဟာ ကမ်းနားလမ်းကို အသုံးပြုသွားလာနေရတယ်လို့လည်း ဆိုပါတယ်။
 
ဓာတ်ပုံ – Social Media