တနင်္သာရီတိုင်းမှာ စစ်ရှောင်သုံးသောင်းကျော်နေပြီလို့ စစ်ရှောင်ကူညီသူတွေပြော

ဇွန်၊ ၅
 
မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရိီတိုင်းအတွင်းမှာရှိတဲ့ ဒေသအသီးသီးမှာ ပြီးခဲ့တဲ့ မေလကုန်အထိ အချက်အလက်တွေအရ စစ်ဘေးရှောင်ပြည်သူ သုံးသောင်းကျော် ရှိတယ်လို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ရေးလှုပ်ရှားမှုတွေ အဆက်မပြတ်ရှိနေတဲ့ ပုလောမြို့နယ်အတွင်းမှာတော့ စစ်ရှောင်စခန်းတွေက အမြဲတမ်းစစ်ဘေးရှောင်ဦးရေ ၂၆၀၀ ကျော်အပါအဝင် တိုက်ပွဲဖြစ်ပွားလေ့ရှိတဲ့ ကျေးရွာတွေကနေ မြို့ပေါ်ပြောင်းရွှေ့သွားတာနဲ့ ဥယျာဥ်ခြံတွေထဲ ပြောင်းရွှေ့နေထိုင်ကြတဲ့ စစ်ဘေးရှောင် တသောင်းကျော်ရှိတယ်လို့ သိရပါတယ်။
တနင်္သာရီမြို့နယ်အတွင်းမှာတော့ မော်တုန်းအနောက်၊ ဘန်းလမွတ်ကျေးရွာအုပ်စု၊ ရမ်းဖို၊ လယ်သစ်၊ ညောင်ပင်ကုန်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ခန့် ကျန်ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လောင်းလုံးမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာ ခံလိုက်ရတဲ့ အောက်ကျောက်ဝပ်နဲ့ ညောပြင်ကျေးရွာက ဒေသခံ ၅၀၀၀ နီးပါး အမြဲတမ်းစစ်ရှောင်တွေအဖြစ် ရှိနေတယ်လို့ စစ်ရှောင်ကူညီသူတွေ ထုတ်ပြန်တဲ့ အချက်အလက်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာတော့ ပင်လယ်ကမ်းနားရွာတွေဖြစ်တဲ့ အဲဒီကျေးရွာနှစ်ရွာထဲကို စစ်ကောင်စီတပ်က နှစ်ကြိမ်ဝင်ရောက်ပြီး နေအိမ် ၁၅၀ ကျော်ကို မီးရှို့ခဲ့တဲ့အပြင် ရွာခံအမျိုးသား ၆ ဦးကိုပါ ပစ်သတ်ခဲ့တာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲသေးဘဲ အခုချိန်ထိ ရွာလုံးကျွတ် တိမ်းရှောင်နေကြဆဲဖြစ်ပါတယ်။
လောင်းလုံးက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုမင်းလွင်ဦးကတော့ ” စစ်ရှောင်တွေအတွက်က အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆီ၊ ကြက်သွန်တွေကတော့ အမြဲတမ်းလိုအပ်နေတာ၊ အခု မိုးတွင်းဆို ရာသီတုပ်ကွေးတွေလည်း ပေါ်လာတော့ ဆေးဝါးလိုအပ်ချက်လည်း ရှိလာတယ်။ စစ်ရှောင်တွေက ဥယျာဥ်ခြံတွေထဲ တဲထိုးပြီး နေကြတာတွေလည်းရှိတယ်၊ အဲကျ တနင်္သာရီတိုင်းက မုတ်သုံအားကောင်းတဲ့ ကမ်းရိုးတန်းဒေသလည်းဖြစ်တော့ မိုးတွင်းဆို အမိုးအကာတွေလည်း အရေးတကြီးလိုတယ် ” လို့ DNA ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးပစ်ခတ် စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် လောင်းလုံးမြို့နယ်အတွင်းရှိ ကရင်ကြီး၊ သဘော့ဆိပ်၊ ပြင်ကြီးနဲ့ ကျောက်ဆင်ကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာတွေရှိသလို တချို့ကျေးရွာတွေက ရွာခံတွေလည်း မြို့ပေါ်ပြောင်းရွှေ့သွားတာ ပြည်ပထွက်သွားတာတွေ ရှိတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ်အတွင်းမှာတော့ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၄ ရက် နံနက်အစောပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းငယ်တခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်စဥ် စစ်ကောင်စီဘက်က အဲဒီနေရာတဝိုက်ကို လေကြောင်းကနေ တိုက်ခိုက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက်မှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ခမောင်းချောင်း၊ ဝက်ချောင်း၊ ဧကနိ၊ ပုဂေါဇွန်း၊ မူးဒူး၊ ဘဝါ၊ နဘုလယ် စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၆၀၀ ထက်မနည်း ရှောင်တိမ်းခဲ့ကြရတယ်လို့ သိရပါတယ်။
ရေဖြူမြို့နယ် ဒေသခံတဦးကတော့ ” ဒီဘက်မှာက စစ်ရှောင်စခန်းဆိုပြီး သီးသန့်မရှိဘူး၊ တိုက်ပွဲဖြစ်ရင် ထွက်ပြေးလိုက် ငြိမ်ရင် ရွာထဲပြန်ဝင်လိုက်နဲ့ နေနေကြတာ ” လို့ DNA ကို ပြောပါတယ်။
အလားတူပဲ ထားဝယ်မြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတာတွေကြောင့် ဒေသခံ ၆၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ရွာနဲ့ ရေဝိုင်းရွာတွေဘက်ကို စစ်ကောင်စီတပ်က မေလ ၂၈ ရက်နေ့မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဒေသခံ ၂၅၀ ခန့် နေရပ်စွန့်ခွာပြီး နီးစပ်ရာဒေသတွေမှာ သွားရောက်ခိုလှုံနေကြရတယ်လို့ ကူညီပေးနေတဲ့ ဂိမှာန်ထောက်ပို့ကော်မတီ တနင်္သာရီက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့ကလည်း ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်ရောက်လာပြီး သင်္ကန်းတုန်းရွာက နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် နေအိမ်တချို့ကိုလည်း ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက်မှာတော့ သင်္ကန်းတုန်းရွာနဲ့ အနီးအနား ၅ ရွာလောက်က ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာလည်း စစ်ရှောင်သောင်းချီရှိနေတဲ့ တနင်္သာရီတိုင်းအတွင်းကို စစ်ကောင်စီတပ်တွေက စစ်ဘေးရှောင်နေရတဲ့ နေရာတွေဆီ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်ကို ကန့်သာတာ၊ လုံးဝသယ်ယူခွင့် မပေးတာတွေလည်း ပြုလုပ်နေတယ်လို့ စစ်ရှောင်အရေးအကူအညီပေးနေသူတွေက ပြောပါတယ်။
 
ဓာတ်ပုံ – ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ
ပုံစာ – လောင်းလုံးက စစ်ဘေးရှောင်တွေကို ရိက္ခာထောက်ပံ့နေစဥ်။