ဒိုက်ဦးထောင်မှာ နိုင်ကျဉ်းတဦး အချိန်မီဆေးကုသခွင့်မရလို့သေဆုံး

မေ – ၁၁

 ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတဦး လုံလောက်သော ဆေးဝါးကုသမှုမရရှိတာကြောင့် သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

“စစ်ကြောရေးမှာ ရရှိတဲ့ဒဏ်ရာတွေကို ကုသနေရတာပေါ့နော်၊အရေးပေါ်ဖြစ်တဲ့အချိန်မှာ ထောင်ပြင်ပ ဆေးရုံပို့ဖို့ နောက်ကျသွားတာမို့ မသေဆုံးသင့်ဘဲ သေရတာပါ” လို့ သူကပြောပါတယ်။

ကိုလင်းလင်းထွန်းဟာ မေလ ၇ ရက်က ကျန်းမာရေးအခြေအနေ အရေးပေါ်ဖြစ်လာချိန် အကျဉ်းထောင် အာဏာ ပိုင်တွေကအချိန်နဲ့တပြေးညီ ထောင်ပြင်ပဆေးရုံကိုပို့မပေးဘဲ နောက်တရက်မှာမှ ပို့ပေးခဲ့တာကြောင့် မသေဆုံး သင့်ဘဲ သေခဲ့ရတာလို့ ကိုသိုက်ထွန်းဦးကပြောပါတယ်။

သေဆုံးသွားတဲ့ အသက်(၃၂)နှစ်အရွယ်နိုင်ငံရေးအကျဉ်းသား ကိုလင်းလင်းထွန်းဟာ အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ ထောင်ဒဏ်(၁၀)နှစ် အမိန့်ချခံထားရသူဖြစ်ပြီး နေပြည်တော်လယ်ဝေးမြို့ ဒေသခံတဦး ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုလင်းလင်းထွန်းဖမ်းဆီးခံရပြီး‌နောက် စစ်ကြောရေးကနေ ရရှိခဲ့တဲ့ ပြင်းထန်ဒဏ်ရာတွေကြောင့် ဒိုက် ဦးအကျဉ်းထောင်အတွင်း ဆေးဝါးစောင့်ရှောက်မှု ရရှိဖို့ အစဉ်တစိုက်တောင်းဆိုခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ သိရပါ တယ်။

ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကနေ အခုလ ၁၀ ရက်နေ့ အထိ သုံးလတာ ကာလ အ တွင်း အခုလိုပဲ လုံလောက်တဲ့ဆေးဝါးကုသမှုမရရှိလို့ အသက်ဆုံးရှူံးခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသား သုံးဦးထိ ရှိ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ရဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ပုဒ်မ၅၀၅(က)/၁၄၂ နဲ့ထောင်ဒဏ်ရှစ်နှစ် အမိန့်ချမှတ်ခံထားရတဲ့ အသက်(၆၈) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးအေး‌ဝင်းဆိုသူလည်း အခုလိုပဲသေဆုံးခဲ့ရပါသေးတယ်။ အလားတူပဲ မတ်လ အတွင်းမှာလည်း ပုဒ်မ၅၀၅/၅၂(က)/၅၀(ည)တို့ဖြင့် ထောင်ဒဏ်ဆယ်လေးနှစ်အမိန့်ချမှတ်ခံထားရတဲ့ အသက် (၆၄)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးခင်စိုးဆိုသူလည်း သေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။