မြစ်ကြီးနားအကျဉ်းထောင်တွင်းဆန္ဒပြမှုအတွက် ထောင်ဝန်ထမ်းငါးဦးအဖမ်းခံရ


Photo –  မြစ်ကြီးနားသတင်းဂျာနယ် (ပုံဟောင်း)

ဧပြီ၊ ၂၆

မြစ်ကြီးနားအကျဉ်းထောင် ဆန္ဒပြဖြစ်စဉ်မှာ ပါဝင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်ပိုင်လေး၊ ထောင်ဆေးရုံဆရာဝန်အပါအဝင် ဝန်ထမ်းငါးဦးကို ဧပြီလ ၂၄ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလို က်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအ ကျဉ်းသားများကွန်ရက် PPNM က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

“လူသေဆုံးမှုဖြစ်တဲ့အထိ အကျဉ်းထောင်က ဆန္ဒပြပွဲမှာ အဓိက ပါဝင်ခဲ့တာ၊ ကျူးလွန်ခဲ့တယ်လို့ ခေါင်းစဉ်တပ်ပြီးတော့မှ (စရဖ)ပူးပေါင်းအဖွဲ့တွေက သူတို့ကို ဖမ်းဆီးထိန်းသိမ်းထားတာ” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်တာဝန်ရှိသူတဦးဖြစ်တဲ့ ကိုသိုက်ထွန်းဦးက DNA ကို ပြောပါတယ်။

ထောင်တွင်းဆန္ဒပြမှုနဲ့ပတ်သက်သူတွေထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့  ရဲတပ်ဖွဲ့ဝင်တချို့ပါဝင်နေပေမယ့် သူတို့တွေကို အရေးယူတာမျိုးမလုပ်ဘဲ ထောင်ဝန်ထမ်းတွေကိုသာ အခုလို အရေးယူလိုက်တာဟာ အပြစ်ပုံချအရေးယူတဲ့သဘောလို့လည်းသူကသုံးသပ်ပါတယ်။

မြစ်ကြီးနားအကျဉ်းထောင်နဲ့ နီးစပ်တဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတဦးကတော့ခေါ်ယူစစ်ဆေးခံနေရတဲ့အထဲမှာ ထောင်ဝန်ထမ်းငါးဦးအပြင် ရဲတပ်ဖွဲ့အရာရှိ ပိုင်းတချို့လည်း ပါဝင်တယ်လို့ ပြောပါတယ်။

“ဝန်ထမ်းတွေပဲ မဟုတ်ဘူး၊ အဲဒီမှာ တာဝန်ယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ပါတယ်၊ အရာရှိပိုင်းတွေပါပဲ၊ သူတို့ကို အရင်စစ်ဆေးတာ ပြီးတော့မှ ထောင်ဝန် ထမ်းတွေကို ခေါ်စစ်တာ၊ ကြားတာတော့ မနေ့က အထိ စစ်ဆေးနေတုန်းပဲ” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မြန်မာနှစ်ဆန်းတရက်က နိုင်ငံတဝန်းအ ကျဉ်းသားသုံးထောင်ကျော်ကို စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။အဲ့ဒီလွတ်ငြိမ်းခွင့်အတွက် မြစ်ကြီးနားအကျဉ်းထောင်ထဲက ရွေးချယ်ပြန် လွှတ်ပေးမှုဟာ မျှတမှုမရှိဘူးဆိုကာ လွတ်ငြိမ်းခွင့်ပေးအပြီးနောက်တရက်ဧပြီ၁၈ရက်ကထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့တာပါ။

အဲဒီထောင်တွင်းဆန္ဒပြမှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေ လက်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသားနှစ်ဦးအပါအဝင် အကျဉ်းသားလေးဦးသေဆုံးကာ တဆယ့်ငါးဦးခန့်က ပြင်းထန်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေထဲက အသက် ၂၈ နှစ်အရွယ် အကျဉ်းသား ကိုယိန်းဘောမ်ကတော့ ဖြိုးခွင့်ချိန်မှာ ရရှိတဲ့ဒဏ်ရာတွေနဲ့ပဲ ဧပြီလ ၂၁ ရက်နေ့မှာ ဆုံးပါးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဆိုပါတယ်။

“ပထမဖြစ်တဲ့နေ့မှာ သူက ဒဏ်ရာအပြင်းထန်ဆုံးပဲ အရမ်းစိုးရိမ်ရတဲ့သူပဲ၊ အခုသုံးရက်အကြာပေါ့ ဆုံးသွားတာ၊ သူက နိုင်ကျဉ်းတော့မဟုတ်ဘူးပေါ့နော်” လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိထားတဲ့တွေအနက် အကျဉ်းသားငါးဦးက အရေးပေါ်ဆေးကုသမှု ခံယူနေဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

လက်ရှိ ဆန္ဒပြမှုမှာ ပါဝင်တဲ့အကြောင်းပြချက်နဲ့ နိုင်ငံရေးအကျဉ်းသားအပါအဝင် အကျဉ်းသား ၁၉ ဦးကိုလည်း တိုက်ပိတ်အကျဉ်းချထားပြီး အဲဒီထဲက နိုင်ငံရေးအကျဉ်းသားဘယ်နှစ်ဦးပါဝင်သလဲဆိုတာ စုံစမ်းနေဆဲဖြစ်တယ်လို့ PPNM က ဆိုပါတယ်။

အခုလိုမျိုး မြစ်ကြီးနားအကျဉ်းထောင်ဝန်ထမ်းတွေ အရေးယူလိုက်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ကတော့ ဒီကနေ့အထိ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ထောင်တွင်းဆန္ဒပြမှုနဲ့ပတ်သက်လို့ ဧပြီ၁၉ရက်ကစစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာတော့ အကျဉ်းသားလေးဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ဖော်ပြပါတယ်။