အဆင့်မြှင့်ထားတဲ့ အတွဲလိုက်ပစ် ဒုံးကျည်စနစ်ကို လက်တွေ့ အသုံးပြုတော့မယ်လို့ မြောက်ကိုရီးယား ထုတ်ပြန်

မေ၊ ၁၁

မြောက်ကိုရီးယားက နည်းပညာပိုင်း အဆင့်မြှင့်တင်ထားတဲ့ အတွဲလိုက်ပစ် ဒုံးကျည်စနစ်သစ်ကို လက်တွေ့ စတင် အသုံးပြုဖို့ အသင့်ဖြစ်နေပြီလို့ ကြေညာခဲ့ပတယ်။

မေလ ၁၀ ရက်နေ့မှာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကိုယ်တိုင် ၂၄၀ မမ အတွဲလိုက်ပစ် ဒုံးကျည်စနစ်ရဲ့ လက်တွေ့ လေ့ကျင့် တိုက်ခိုက်မှု တခုကို စောင့်ကြည့်ခဲ့တယ်လို့ အစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ အဲဒီလက်နက်ကို ၂၀၂၄ ကနေ ၂၀၂၆ ခုနှစ်အတွင်း မြောက်ကိုရီးယား စစ်တပ်ထဲမှာ လျာထားချက် ပြည့်မီအောင် ထုတ်လုပ် ဖြန့်ကျက်သွားမှာ ဖြစ်တယ်လို့လည်း KCNAက ဆိုပါတယ်။

၂၄၀ မမ အတွဲလိုက်ပစ် ဒုံးကျည်စနစ်သစ်ကြောင့် မြောက်ကိုရီးယားစစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်မှာ သိသာထင်ရှားတဲ့ တိုးတက် ပြောင်းလဲမှုတွေ ရှိလာမယ်လို့လည်း KCNAက ကြွေးကြော်ခဲ့ပါတယ်။

နောက်ဆုံး လက်တွေ့စမ်းသပ် ပစ်ခတ်မှုမှာတော့ ခေါင်းဆောင်ကြီးကင်ဟာ နည်းပညာပိုင်း မြှင့်တင်ထားတဲ့ လက်နက်စနစ်အပေါ် အကြီးအကျယ် အားရကျေနပ်ခဲ့ပြီး လက်တွေ့ ဖြန့်ကျက် အသုံးပြုမယ့် အဆင့်မျိုး အများအပြား ထုတ်လုပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားကို ထောက်ပံ့ပေးပို့ဖို့ ဒုံးကျည်တွေ၊ လက်နက်ကြီး ကျည်ဆန်တွေ ထုတ်လုပ်မှု အရှိန်မြှင့်တင်နေကြောင်း အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ဝေဖန် စွပ်စွဲနေချိန်မှာ အခုလို အဆင့်မြှင့်ထားတဲ့ ဒုံးကျည်စနစ်ကို ပွဲထုတ်လာတာ ဖြစ်ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ မေလ ၁၀ ရက်နေ့မှာ မြောက်ကိုရီးယားက အတွဲလိုက် ဒုံးကျည် စနစ်သစ်ကို စမ်းသပ် ပစ်ခတ်ခဲ့တယ် ဆိုတာကို တိတိကျကျ အတည်မပြုနိုင်သေးဘဲ ဆက်လက် စုံစမ်းနေဆဲလို့ ပြောကြားထားပါတယ်။

 Ref: AP