ယင်းမာပင်မှာ ၂ ရက်အတွင်း စစ်အုပ်စုက ကျေးရွာပေါင်း ၂၀ နီးပါးကို မီးရှို့ဖျက်ဆီး

နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အတွင်းမှာရှိတဲ့ ကျေးရွာပေါင်း ၂၀ နီးပါးကို အကြမ်းဖက်စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူတစ်သောင်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ အဖွဲ့တွေဆီက သိရပါတယ်။
မေလ ၂၄ ရက်နေ့နဲ့ ၂၅ ရက်တွေမှာ စစ်အုပ်စုဟာ ယင်းမာပင်ခရိုင်အတွင်းမှာရှိတဲ့ အောင်ချမ်းသာ၊ စည်လှောင်၊ အောင်ချမ်းအေး၊ စည်လှောင်ချောင်း၊ မြရိပ်၊ မြစိမ်း၊ ရေကြည်ပင်၊ ရွှေပန်းခိုင်၊ ဆည်ထန်းတောကြီး၊ ရွှေပေကုန်း၊ ကျေးစာကျ၊ ရေကြည်ပင်ရွာသစ်၊ သဲတောကြီး၊ အုံတုံပင်၊ ဘိန်းနွယ်ချောင်၊ ရွာသာ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်းစတဲ့ ကျေးရွာတွေကို ရွာလုံးကျွတ်နီးပါး အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့တာပါ။
စစ်အုပ်စုရဲ့ ရမ်းကားမှုတွေကြောင့် ပြည်သူတစ်သောင်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး မိုးရေတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရကာ အမိုးအကာ၊ ရိက္ခာနဲ့ ဆေးဝါးပစ္စည်းတွေ အရေးပေါ်လိုအပ်လာတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်အုပ်စုဟာ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားပြီး အင်အားအများအပြားနဲ့ နေ့စဉ်စစ်ကြောင်းထိုးကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ အဖိုးတန်ပစ္စည်းတွေကို လုယက်တာတွေ ကျူးလွန်နေပါတယ်။
ပုံစာ – မေလ ၁၅ ရက်နေ့က ယင်းမာပင်မြို့နယ် ရွာသာယာနဲ့ နှောရိုးကျေးရွာကိုစစ်တပ်က မီးရှို့ဖျက်ဆီးခဲ့