ကလေးမြို့မှာ ဆိုင်ကယ်တစီး အမျိုးသားနှစ်ဦး အတူမစီးဖို့ တားမြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်လမ်းမတွေမှာ နိုဝင်ဘာ (၁၂) ရက် မနက်ဖြန်ကစပြီး ဆိုင်ကယ်တစ်စီး အမျိုးသား နှစ်ဦး မစီးကြဖို့ စစ်သားနဲ့ရဲတွေက ကလေးမြို့လမ်းဆုံ၊ တာဟန်းလမ်းဆုံနဲ့ ဗိုလ်ချုပ်လမ်းမကြီးတလျောက် ဒီက နေ့ညနေပိုင်းမှာသတိပေးနေတယ်လို့ မြို့ခံတွေက DNA ကပြောပါတယ်။

“ကျွန်တော်တို့က လမ်းဆုံကို အကင်သွားမှာတာ၊သူငယ်ငယ်ချင်းနှစိယောက်ပေါ့၊ နောက်နေ့စီးလို့မရဘူး၊ စီးရင် အရေးယူမယ်ပြောလိုက်တယ်၊ပြောတဲ့သူကရဲပါ၊ ဘေးမှာ စခတွေလည်းရှိတာပေါ့” လို့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ မြို့ခံက ပြောပါတယ်။

ကလေးမြို့လမ်းဆုံတောင်ဘက် ၊ ဆေးရုံကြီးတံတားအကျော် စိမ်းလန်းစျေးထိပ်မှာ ဒီကနေ့နေ့လယ်ပိုင်းက ဆိုင် ကယ်စီးလာတဲ့ ပျူစောထီးခေါင်းဆောင်နှစ်ဦးပစ်ခတ်ခံရလို့ တဦးသေဆုံး အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလို သတိပေးပြောဆိုတာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလို တားမြစ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီအုပ်ချုပ်ရေး အဖွဲ့အစည်းတွေက တရားဝင် အမိန့်၊ညွှန်ကြားချက် ထုတ်ပြန်တာတော့ မရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။တာဟန်းလမ်းဆုံမှာလည်း အလားတူသတိပေးမှု မျိုး တွေရှိတယ်လို့ ရပ်ကွက်သူရက်ကွက်သားတွေက ပြောပါတယ်။

တရားဝင်အမိန့်ထုတ်ပြန်တာမရှိပေမယ့် မနက်ဖြန်ကစပြီး အမျိုးသားနှစ်ဦး ဆိုင်ကယ်တစီးတည်းမစီးဖို့ တတ်နိုင် သမျှ သတိထားသင့်တယ်လို့ အလားတူ တားမြစ်ခံရဖူးတဲ့ တမူးမြို့ခံတွေကပြောပါတယ်။ပြီးခဲ့တဲ့သုံးလလောက်က တမူးမြို့မှာလည်း လက်ရှိ ကလေးမြို့မှာလို တားမြစ်ခံရတာ ရှိခဲ့ပြီး ဆိုင်ကယ်နှစ်ယောက်စီးသူတချို့ အချုပ်ထဲ ထည့်ခံရပြီး ဒဏ်ငွေသုံးသောင်း ပေးဆောင်ကြရပါတယ်။

ဒါပေမယ့် အဲ့ဒီလို တားမြစ်ခံရတာဟာ ခဏတာသာဖြစ်ပြီး လက်ရှိမှာတော့ တမူးမြို့မှာ ဆိုင်ကယ်တစီး အမျိုး သားနှစ်ဦးစီးလို့ ဖမ်းဆီးအရေးယူခံရတာမရှိတော့ဘူးလို့ ဆိုပါတယ်။

ကလေးမြို့မှာ ဒီကနေ့နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ ပျုစောထီးခေါင်းဆောင်နှစ်ဦးကို အမျိုးသားနှစ်ဦး စီး နင်းလာတဲ့ ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ပစ်ခတ်တာကြောင့် တဦးသေဆုံးကာ တဦးကတော့ လက်မောင်းထိ မှန်ဒဏ်ရာရပြီး ဆိုင်ကယ်မောင်းပြေးသွားတယ်လို့ မျက်မြင် မြို့ခံတွေက ပြောပါတယ်။