မြေပုံအမှတ်သားများထံမှ သတင်းပေးပို့ချက်


(၃၂)စစ်ပွဲချိန်ခွင်လျှာ

၃၀ ၀၉ ၂၂

မကြာသေးခင် တစ်ရက်က လက်ရှိအခြေအနေမှာ PDF တွေကို အားပေးနေတဲ့ EAOတွေဘက်က မြေပြင်မှာ အထိနာနေတယ်ဆိုတဲ့ ပြောကြားချက်တစ်ခု ဖတ်ရပါတယ်။ဘယ်လောက် မှန် မှန်းမသိလို့ မြေပုံ ပေါ်က မှတ်တမ်းတချို့နဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပါတယ်။ရခိုင်မှာ စစ်နယ်ဟာ မောင်တောမြောက်ပိုင်း (စခန်း၄ခုသိမ်းထား၊နေရာအနှံ့ နေ့စဉ်တိုက်ပွဲများ ဖြစ်) ကနေ၊ ရသေ့တောင်၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်ထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာနေတာတွေ့ရပါတယ်။ ပလက်ဝဘက်မှာလည်း အနည်းဆုံး စခန်း ၆ ခု (ဒီထက်ပိုပါမယ်၊ ကိုဩဒိနိတ်ရှာမတွေ့လို့ တချို့ ကို မမှတ်လိုက်နိုင်တာပါ။)သိမ်းထားတာတွေ့ရပါတယ်။

ကရင်တပ်မဟာ ၆ဘက်မှာ သုံးထပ်ကွေ့ကို ကျော်ပြီးမထိုးဖောက်နိုင်သေးသလို ဒီရက်ပိုင်းမှာပဲ အဇင်း ရွာစခန်းတို့၊ဘုရားသုံးဆူဝင်ပေါက်က ဘုရားတောင်ကုန်းတို့ သိမ်းလိုက်နိုင်တာတွေ့ပါတယ်။(တချို့ စခန်းတွေက သိမ်းရုံသိမ်းပြီး မထိုင်ထားကြပါ)။ တပ်မဟာ ၅ ၊ဖာပွန်ဘက်မှာလည်း တိုက်ပွဲတွေ စိတ်စိတ်မြင်ရပါတယ်။ တပ်မဟာ ၃ ဘက်စစ်တောင်းမြစ်ဝှမ်းမှာလည်း စခန်း ၅ ခု သိမ်းပြပြီး၊ တိုက်ပွဲစိတ်စိတ်ဖြစ်ပါတယ်။

ရွှေလိုလွင်ပြင်မှာ PDF စခန်းတစ်ချို့ အသိမ်းခံရတာ၊မီးရှို့ဖျက်ဆီးခံရတာ၊ လက်နက်ဆုံးရှုံးတာတွေ ရှိပေမဲ့လက်လုပ်သေနတ်တွေနဲ့ လက်လုပ်မိုင်းတွေ၊ လက်နက်ထုတ်လုပ်တဲ့ တွင်ခုံနဲ့မီးစက်၊ ဆိုင်ကယ်တွေပဲ ဆုံးရှုံးသွားတာ များပါတယ်။ ဒါပေမဲ့ မုံရွာမြို့ကစစ်စခန်းတွေထိ လက်နက်ကြီးနဲ့ လှမ်းပစ် ခံရတာမျိုး၊ ပျူရွာ တွေကိုဝင်စီးတာ ဝင်ပစ်တာမျိုးလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် အဲဒီရွာမှာစစ်ရှိန်ကျသွားပြီလို့ ပြောဖို့ ခက်ပါ မယ်။ ပေါက်နယ်က သရက်ကန်ရွာမှာအထိုင်ချထားတဲ့ ရဲစခန်းကို စစ် ကြောင်းထိုးလာတဲ့ စစ်ကြောင်းက ပေါင်းနေဖို့ ပြောတာ လက်မခံလို့ အဲဒီရဲစခန်းကို မီးရှို့ပြီး အင်အား ၁၂၀ လောက်ဟာစခန်းကို စွန့်ခွာသွားကြရတယ် ဆိုတဲ့ ထူးဆန်းသော သတင်းမျိုးကိုလည်းဖတ်ရပါတယ်။

ကယားမှာ မိုးဗြဲကို ထိန်းချုပ်ဖို့ ကြိုးစားပေမဲ့ ထိုးဝင်သွားလိုက်အတိုက်ခံရလို့ ပြန်ဆုတ်လာလိုက် အခြေအနေပဲ ရှိပါတယ်။ တည်တည်ငြိမ်ငြိမ်ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တာမျိုး မတွေ့ရပါ။တိုက်ပွဲတွေက ရက်ဆက်ဖြစ်မြဲပါပဲ။ အဲဒီကြားကအင်းလေးဒေသကာကွယ်ရေးတပ်ဖွဲ့နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ဆီဆိုင် မြို့အရှေ့တောင်နား ၁၅ မိုင်လောက်အကွာက နောင်တော်သစ်ရွာ စစ်စခန်း ၂ ခုကိုတစ်ပြိုင်နက်တည်း ဝင်တိုက် ဝင်သိမ်းလုပ်သွားပါတယ်။ ၁၂၀၉၂၂ နေ့ကပါ။ရှမ်းပြည်နယ် ဧရိယာထဲ ရောက်နေပါပြီ။မတ္တရာမြို့နယ်ထဲမှာ တိုက်ပွဲတွေ ရှိသလို၊နောင်ချိုတစ်ဝိုက်မှာလည်း ရှိနေပါတယ်။ မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမကြီးရဲ့ မြောက်ဘက်ဖျားမှာ တိုက်ပွဲတွေ စိတ်လာပါတယ်။SSPP နဲ့ RCSS တစ်ပွဲလည်း ပါပါတယ်။ KIA နဲ့ စကစ တိုက်ပွဲတွေမှာ TNLA ကစကစဘက်က ကူတိုက်တယ်ဆိုတဲ့ သတင်းတစ်ခု တက်ပါ တယ်။ (တမင် ရည်ရွယ်ချက်ရှိရှိဖြန့်တဲ့ သတင်းမှား ဖြစ်ဖို့ များပါတယ်။ ဒီနှစ်ဖွဲ့ ဒီအချိန်မှာပူးပေါင်းဖို့ဆိုတာ မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်။)

ဒီရက်ပိုင်း မိုးမိတ်၊ မန်တုံဘက်မှာ ပွဲစိတ်ပါတယ်။ မန်တုံမှာဆိုမြို့ထဲရှိတဲ့ ရဲစခန်းနဲ့ စစ်စခန်း ၂ ခုစလုံးကို ဝင်ပစ်၊မီးရှို့တာမျိုးအထိ လုပ်ပါတယ်။ ချင်းတောင်ဘက်ဆို အရင်လို မင်းတပ်ကိုဖြတ်ပြီး ရိက္ခာခဲယမ်းပို့တဲ့ယာဉ်တန်းတွေ မတက်နိုင်တာ ကြာပါပြီ။ တပ်ချင်းလဲပြီး အနားပေးတာမျိုးတောင်မလုပ်နိုင်တော့ဘူးထင်ပါတယ်။ တစ်ကြိမ် တက်တိုင်း ဆုံးရှုံးမှုကကြီးလှပါတယ်။ မြောက်ပိုင်း ဖလမ်း၊ ဟားခါးဘက်မှာတော့ တိုက်ပွဲနည်းနည်း ရှိပေမဲ့  ပွဲကြီးတွေ မရှိတော့ပါ။

ကချင်ဘက်မှာ အများအားဖြင့် ပွဲအေးတယ်ဆိုပေမဲ့ ဗန်းမော်၊ရွှေကူဘက်မှာတော့ ပွဲစိတ်တုန်းပါပဲ။ သင်္ဘောတွေကို လုံခြုံရေးယူပေးဖို့ကုန်းပေါ်က လိုက်လာတဲ့စစ်ကြောင်းတွေ အတိုက်ခံရပါတယ်။ အကျအဆုံး ရှိပါတယ်။ရေကြောင်းက စစ်သည်ပို့တဲ့ ရေယာဉ်တွေလည်း ဆက်တိုက် အတိုက်ခံနေရ တုန်းပါ။စစ်သည် အဆုံးအရှုံး ကြီးပါတယ်။ ၂၂၀၉၂၂ တုန်းက ကျွန်းတောရွာကနေမိုးစစ်ရွာကို စစ်ကူပို့ ပေးတဲ့ ရေယာဉ်သုံးစီးစလုံး ပစ်မြှုပ်ခံရပါတယ်။အဲဒီမှာ စစ်သည် သုံးဆယ်ပါတယ်လို့ ဆိုပါတယ်။ ကချင်၊ စစ်ကိုင်းနယ်စပ်မျဉ်းပေါ်က ချောင်းဝရွာနားတင် မှတ်ထားတာ ငါးပွဲရှိပါတယ်။ကုန်းပေါ်မှာပါ။  နဘားနဲ့ အင်းတော်ကြား၊ အင်းတော်နဲ့ နန်းစီးအောင်ကြားမှာလည်း ထိုးလာတဲ့စစ်ကြောင်းတွေကို မိုင်းခွဲတာ၊ ဖြတ်တိုက်တာလုပ်ထားတာ ခပ်စိတ်စိတ် တွေ့ရ ပါတယ်။ ဗန်းမောက်ဧရိယာထဲက ရွာတွေ မှာလည်းတိုက်ပွဲတွေ မနားပါဘူး။ အဲ့ဒီဘက်မှာတော့ KIA,PDF တွေ ဟာ စကစ အပြင် SNAနဲ့ပါ ထိတွေ့နေရတာ တွေ့ပါတယ်။တိုက်ပွဲ ချိန်ခွင်လျှာဟာ ဘယ်ဘက်ကို တိမ်းနေသလဲဆိုတာတွေးသာကြည့်ပါတော့။

(၃၃) မုံရွာသတင်း မုံရွာသီချင်း

၀၆ ၁၀ ၂၂
………
ဒီရက်ပိုင်းမှာ ဟော့ နေတဲ့သတင်းတစ်ပုဒ် ခုလို ဖတ်ရပါတယ်။
……

The 74 Media
14h  ·

စစ်ကောင်စီက ကျေးရွာနှစ်ရွာကို မီးရှို့ပြီး ဒေသခံရှစ်ရာကျော်ကို ဖမ်းဆီး၊ လမ်းများကိုလည်း ဘူဒိုဇာဖြင့် ဖျက်ဆီး

မုံရွာ – အောက်တိုဘာ ၅၊ ၂၀၂၂။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မုံရွာမြို့နယ်မုံရွေးကျေးရွာနှင့် ကြေးမုံ‌ကျေးရွာကို ယနေ့ နံနက်ရှစ်နာရီခွဲမှစပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။ စစ်ကောင်စီစစ်ကြောင်းက ကျေးရွာ ကို မီးရှို့ခဲ့သည့်အပြင်သက်ကြီးရွယ်အိုနှင့် ကလေးငယ်များအပါအဝင် ဒေသခံ ရှစ်ရာခန့်ကိုလည်းဖမ်းဆီးထားကြောင်း မုံရွေးဒေသခံအမျိုးသားတစ်ဦးက The 74 Mediaကိုပြောသည်။

“မနေ့ကတော့ ရွာမှာ တပ်စွဲပြီး အုပ်ချုပ်ရေးမှူးအိမ်ကိုရှို့သွားတာပေါ့နော်။ ဒီနေ့ မနက်မှာက တော့ NLD အဖွဲ့ဝင်ရဲ့ အိမ်ကနေစပြီးတော့ မီးစရှို့တာ ခုထိ ရှို့နေရတုန်းပါပဲ။ ဖမ်းခံရတဲ့ လူတွေကလည်း ခုထိလွတ်လာခြင်း မရှိသေးဘူး။ ရွာထဲမှာ ကလေးတွေရောလူကြီးတွေရောအကုန်လုံးကို ဖမ်း ထားတာ ကျောင်း‌သုံးကျောင်းမှာဖမ်းခေါ်ထားတာ။ လမ်းမကြီးဘက်က ဖြတ်သွားဖြတ်လာ လူတွေကို ရောအကုန်ဖမ်းခေါ်ထည့်ထားတာ” ဟု သူကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီခန့်ကမုံရွေးရွာနှင့် ကြေးမုံရွာသို့ ဝင် ရောက်ခဲ့ပြီးအဆိုပါကျေးရွာနှစ်ရွာမှ ဘုန်းကြီးကျောင်း သုံးကျောင်းတွင်တပ်စွဲကာ ဒေသခံပြည်သူ များကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း သူကပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြေကော်စက် (ဘူဒိုဇာ)အသုံးပြုကာ ယနေ့ နံနက်ပိုင်း က မုံရွာမြို့နယ် လယ်ဇင်ကျေးရွာထိပ်ဆိုင်းဘုတ်နားတွင် လမ်းဖျက်ဆီးခဲ့ပြီး ညနေပိုင်းတွင်လည်းမိုးညှင်းသမ္ဗုဒ္ဓေ – ကျောက္ကာလမ်းကိုလည်း ဖျက်ဆီးခဲ့သည်ဟုအခြားသော ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

“အခုလောလောဆယ်ကတော့ ဟိုဘက် မိုးညှင်း-ကျောက္ကာလမ်းကို ကားနဲ့ဖျက်ဆီးနေတာ။ လယ်ဇင်ဘက်မှာကော ဖျက်ဆီးထားတယ်။ မနေ့ကတော့မုံရွာအမြင့်လမ်းကို ဖျက်ချထားတာ။ အဲဒါ တာကို ပြည်သူတွေကကားလမ်းတစ်လမ်းစာ ပြန်ပြီးဖို့ပြီး သွားကြရတာ။ သူကအဓိကလမ်းတွေပေါ့ နော်။ ပြည်သူတွေ ထွက်ပြေးရခက်အောင်ပေါ့။ အဲဒီလိုလမ်းတွေကို ရွေးပြီး ဖျက်ချတာ” ဟု ပြောသည်။

မုံရွေး – ကြေးမုံရွာသည် မုံရွာမြို့မှ ဆယ်မိုင်ခန့်အကွာမန္တလေး – မုံရွာကားလမ်းမကြီးဘေးတွင် တစ်ဆက်တည်းတည်ရှိသောကျေးရွာနှစ်ရွာဖြစ်ပြီး မုံရွေးကျေးရွာတွင် အိမ်ထောင်စု တစ်ထောင်ကျော်၊ လူဦးရေ ငါးထောင့်ငါးရာကျော်နှင့် ကြေးမုံကျေးရွာတွင်အိမ်ထောင်စုအရေအတွက် ခြောက်ရာ ကျော်၊ လူဦးရေသုံးထောင်ကျော်နေထိုင်သည်။

အလားတူ မုံရွာမြို့ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက်မုံရွာ – အမြင့်လမ်း ဒေသ အခေါ် ကျောက်ပေါက်ကွေ့လမ်းကို ယမန်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေကော်စက် (ဘူဒိုဇာ)ဖြင့်ဖျက်ဆီးသွားခဲ့သည်။

အဲဒီတော့ ဒီသတင်းကို မြေပုံပေါ်တင်ကြည့်တဲ့အခါခုလိုတွေ့ရပါတယ်။ ဖြစ်စဉ်တွေရဲ့ ကိုဩဒိနိတ်အတိအကျမရတော့ဖြစ်ပွားခဲ့တဲ့ နေရာတွေဟာ အနီးဆုံးအမှတ်တွေသာဖြစ်ပါတယ်။အပြာရောင်အမှတ်အသားတွေဟာ လမ်းဖျက်ခဲ့တဲ့ နေရာတွေပါ။ မုံရွာမြို့ညောင်ပင်ဇောက်ရပ်ကွက်ရဲ့ တောင်ဘက်အထွက်ဆိုတော့ မုံရွေး-အမြင့်လမ်းပိုင်းပါပဲ။ မုံရွာကို တောင်ဘက်က ဝင်လာနိုင်တဲ့ လမ်း ပေါ့။လယ်ဇင်ရွာထိပ်ကို ဖြတ်ချလိုက်တာကတော့ စစ်ကိုင်း-ချောင်းဦး-မုံရွာလမ်းအတိုင်းလာရင် မြေနဲရွာကနေညာဘက်ချိုးလိုက်တော့အောင်သာရွာကို ရောက်ပါမယ်။ အဲ့ဒီကနေ လယ်ဇင်။ လယ်ဇင် ကဆိုမုံရွာကိုပေါက်ပါပြီ။ ရှောင်ကွင်းလမ်းလို့တောင် ပြောနိုင်ပါတယ်။ဘာ့ကြောင့်လဲ ဆိုတော့ လမ်းမကြီးပေါ်က မအူရွာမှာစစ်ဆေးရေးဂိတ်ကြီးရှိနေလို့ပါပဲ။

မုံရွာ အရာတော်လမ်းကို မဖြတ်ပေမယ့်၊ချောင်းဦးမုံရွာလမ်းမကြီးအတိုင်းလာ၊ မိုးညှင်းသံဗုဒ္ဓေ ဘက်ကိုညာချိုး၊ အဲဒီကနေ ကျောက္ကာရွာဘက်ကို ဆက်တက်သွားရင် မုံရွာ-အရာတော်လမ်းပေါ်ကို ရောက်ပါမယ်။ ဒါဆို မုံရွာဆီ
အဝင်လမ်းတစ်ပေါက်ဖြစ်ပါပြီ။ အဲ့ဒီတော့ ဒီ ကွင်းလမ်းကိုလည်း ဖျက်ပါတယ်။ ဆိုတော့ တောင်ဘက်ခြမ်းကနေ  မုံရွာဆီဝင်ဖို့ စစ်ကိုင်း-ချောင်းဦး-မုံရွာ ပင်မလမ်းမကြီးတစ်ခု သာဖွင့်ပေးထားသလိုဖြစ်နေပါတယ်။

မုံရွာ-ရေဦးလမ်းကတော လောလောဆယ်ဖွင့်ထားသေးသလို၊ချင်းတွင်းအနောက်ခြမ်းမှာတော့ လမ်းဖျက်သံမကြားရသေးပါဘူး။ဒီလမ်းကတော့ ချင်းတွင်းတံတားကို ကျော်ပြီးမှလာရမှာဆိုတော့(ရေလမ်းက ဝင်ရင်တော့လည်း တမျိုးပေါ့) တံတားမှာက အခိုင်အမာတပ်ရှိနေတယ်။ စစ်ဆေးရေးရှိတယ်။ အဲဒီတော့ မုံရွာကိုခံစစ်ဆင်နေတာလားလို့ တွေးစရာရှိလာပါတယ်။ ဒါမှ မဟုတ်မုံရွာတောင်ပိုင်းကို ထွက်ထွက် တိုက်ရ၊ ရှင်းရတာတွေ ပင်ပန်းလာလို့မင်းတို့ ဘာသာ အေးဆေးနေကြ သားရီး၊ ငါတို့လည်း မုံရွာထိပ်မှာအေးဆေးပဲနေတော့မယ်ဆိုတဲ့ စစ်ဗျူဟာ လားဆိုတာ စဉ်းစား စရာပါ။

ဒီလမ်းတွေ ဖြတ်လိုက်လို့ တော်လှန်သူတွေ ကားစီးပြီးတပ်အရွေ့မြန်မြန်မလုပ်နိုင်တော့သလို တစ်ဖက်က ပြန်ကြည့်ရင် စကစတပ်ကလည်း မလုပ်နိုင်တော့ပါဘူး။ မုံရွေး၊ ကြေးမုံအကြောင်းတော့မပြောတော့ပါဘူး။ သတင်းထဲမှာ ပါနေပြီမင့်။ လမ်းဖြတ်လိုက်တဲ့အတွက်PDF တွေ ဒီလမ်းသုံးပြီး ဝင်/မဝင်တော့ မသိဘူး၊ လောလောဆယ်တော့ဒေသခံရွာသူရွာသားတွေမှာ သူတို့ ထွက်ကုန်တွေ မုံရွာတက်ရောင်းမရ၊မုံရွာက ရိက္ခာတွေ ဝယ်စားမရနဲ့ ဒုက္ခတွေ့နေကြရမှာတော့ သေချာပါတယ်။(၃၄) ဗန်းမောက်၊ အင်းတော်ကန်ဝန်းကျင်

၁၀ ၁၀ ၂၂

ဗန်းမောက်ဟာ စစ်ကိုင်းတိုင်းမြောက်ဖျားက ဒေသပဲ။တိုင်းလျှမ်(ခေါ်)ရှမ်းနီ လူမျိုး၊ ကနန်း လူမျိုး၊ ကဒူးလူမျိုးတွေအများစုနေထိုင်ကြတဲ့ အရပ်ပေါ့။ နာမည်ကျော် ဇလုံတောင်တို့ဘာတို့လည်း ရှိရဲ့။ မြို့နဲ့ ဆယ်မိုင်ဝန်းကျင်ပဲ ဝေးတာ။ ခုတော့အရင်လို ဘုရားဖူးတွေ ဥဒဟို သွားလာ စည်ကားနေလို့ မရလောက်တော့ဘူးထင်တာပဲ။

မြောက်ဘက်ကို မိုင်၂၀လောက် တက်သွားရင်ပဲ၊ ကချင်၊စစ်ကိုင်းနယ်စပ်မျဉ်းပေါ်က နန်းစီး အောင်ကို ရောက်ပြီ။ အဲဒီနန်းစီးအောင်ဘက်ခြမ်း ကချင်ပြည်နယ်ထဲမှာတော့ (အရင်က) ကေအိုင်အေတပ်မဟာ(၈) အခြေချထားတယ်။ သူတို့ နေတာပဲ။ မော်လူး၊ မော်ဟန်ဟာ သူတို့နယ်မြေပဲ။ ခုတော့ ဗန်းမောက်နယ်ဘက်ကို ဝင်လာနေပြီထင်တယ်။ PDF တွေနဲ့လက်တွဲပြီး၊ အဲဒီဘက်မှာ အခြေချဖို့ ကြိုးစားနေပြီထင်တယ်။စခန်းတွေလည်းရှိလို့ ပင်လည်ဘူးဘက်မှာ ဝင်တိုက်နေရတာတောင် ရှိတာပဲ။မြေပုံပေါ်က မှတ်သားထားတာတွေကြည့်တော့ အဲဒီဘက်မှာ လေယာဉ်နဲ့တိုက်ယူရတဲ့အထိ တိုက်ပွဲ ပြင်းပြင်းတွေရှိတာ တွေ့ရတယ်။ဧပြီလ ၁၂ရက်နေ့တုန်းက ဗန်းမောက် ထွေ/အုပ်ရုံးကို ဝင်ပစ်တယ်။မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဝင် ဗိုလ်မှူးကျော်မင်းဟန်သေတယ်။ အောက်တိုဘာ ၄ရက်မှာ KIA+PDF   က ရဲစခန်းကို ဝင်တိုက်တယ်။ ရဲ ၁၁ယောက်သေတယ်။ ကြည့်ရတာ ဗန်းမောက်မြို့ဟာ ထိန်းချုပ်ရ မနိုင်တဲ့မြို့တစ်မြို့ ဖြစ်နေလောက်ပြီ။ ပွဲတွေက မြွေမကြောက် ကင်းမကြောက်မြို့ထဲချည်း ဝင်ဝင်က နေကြ တာကိုး။ဩဂုတ်လ ၁၀ရက်နေ့တုန်းကလည်း ဗန်းမောက်မြို့တောင်ဘက်တစ်မိုင်လောက်ပဲကွာတဲ့ ပေကုန်းရွာမှ စကစ ၈၀ လောက်စခန်းချတယ်သတင်းရလို့တဲ့။ KIA+PDF တွေ ဝင်တိုက်ကြသေး တယ်။ စကစအသေအပျောက်များတယ်လို့ သတင်းတွေက ဆိုတယ်။

မြို့အနောက်မြောက်ဘက် ဆယ့်သုံးလေးမိုင်လောက်ပဲ ဝေးတဲ့၊နန့်သောင်ရွာနားမှာ SNA ရှေ့တန်းစခန်းကို ဩဂုတ်လ ၂၀ရက်နေ့ကဝင်တိုက်သေးတယ်။ SNA အတိုက်ခံရတာကို လေယာဉ်နဲ့ ပစ်ကူပေးရတဲ့အထိတိုက်ပွဲပြင်းတယ်။ ၃၁ရက်နေ့မှာလည်း အနောက်ကုန်းရွာက  SNA စခန်းကို(KIA) နဲ့ ဗန်းမောက်-PDF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက် ခဲ့သေးတယ်။တက်လာတဲ့ သတင်းတွေကို လိုက်မှတ်ထားတာ အရတော့ အဲဒီအနားကပင်ပုံ၊ ကြောင်လည်၊ ပင်းခါးဆိုတဲ့ ရွာတွေမှာလည်း PDFအခြေစိုက်ထားတာချည်း၊ စိုးမိုးထားတာချည်းပဲ။ အဲဒီနားကနောင်ပတ်ရွာမှာ သျှမ်းနီ စာပေ နဲ့ ယဥ်ကျေးမှုအရေး ဆောင်ရွက်နေတဲ့ဆရာတော်တစ်ပါးကို (KIA+ PDF) တို့ဖမ်းဆီးပြီး အသတ်ခံလိုက်ရလို့ဆိုတယ်။ ၀၄၀၉၂၂ ဖမ်းသွားပြီး၊ ၅ရက်နေ့ DB တွေ့သတဲ့။ရှမ်းအဖွဲ့အစည်းတွေက ကန့်ကွက်စာတွေ ထုတ်ပြန်ကြတာလည်း တွေ့ရတယ်။ရှမ်းတွေရဲ့ ဒေသမို့ ဖြစ်စဉ်တွေကတော့ ခပ်ရှုပ်ရှုပ်ရယ်။ဒေသခံပြည်သူတွေနဲ့ တော်လှန်တပ်တွေ ဆက်ဆံရေး ဘယ်လိုရှိတယ်ဆိုတာတော့ ဘယ်သတင်းဌာနက ရေးတာမှ မတွေ့ရသေးဘူး။ မြေပြင်ကသတင်းတွေလည်း မတက်ဘူး။ ဒေသတစ်ခုကို  အခြေချတော့မယ်ဆိုရင်ဒေသခံပြည်သူတွေနဲ့ တစ်သားတည်းဖြစ်ဖို့၊ သူတို့ ထောက်ခံမှုကိုပြည့်ပြည့်ဝဝ ရဖို့က အရေးအကြီးဆုံး အချက်ဖြစ်တာကိုး။ဗန်းမောက်ရဲ့ အရှေ့တောင်ဘက်၊ မဲဇာမြစ်ရဲ့ လက်တက်၊တောင်ချောင်းပြန့်တစ်လျှောက် ဇွန်လကုန်ပိုင်းလောက်ကတည်းကဖြစ်လိုက်တဲ့ပွဲ။ အောက်တိုဘာ၄ရက်ဝန်းကျင်မှာ လေယာဉ်တွေနဲ့အကြိမ်ကြိမ် ပစ်ခတ်ဗုံးကြဲပြီး ရွာထဲဝင်တပ်စွဲ၊အိမ်တွေမီးရှို့တဲ့အထိဖြစ်ကုန်တယ်။ ကျောက်အိုင်၊ ပေပင်၊သောင်ကြီး၊ စီးမော်ဆိုတဲ့ ချောင်းရိုးတစ်လျှောက်က ရွာစဉ်တန်းပေါ့။လေကြောင်းသုံးရပြီ ဆို တော့ အထိအခိုက်အကျအဆုံးများပုံရတယ်။ဇွန်လ၂၃ရက်နေ့က ပွဲတစ်ပွဲတည်းတင် ၃၀ အထက်သေ တယ်လို့ သတင်းတွေကဆိုတာကိုး။

သူ့အရှေ့ဘက်မှာတော့ အင်းတော်ကန် (အင်းတော်ကြီးကန်မဟုတ်)ရှိမယ်။ အင်းတော်နဲ့ နဘား၊ နဘားနဲ့ နန်းစီးအောင်ကြားလမ်းမတစ်လျှောက်မှာ တိုက်ပွဲတွေ၊ မိုင်းခွဲတိုက်ခိုက်ထားတာတွေကိုပုံမှာ ခပ်စိတ်စိတ် မြင်ရလိမ့်မယ်။ အဲ့ဒီလမ်းဟာ ရွှေဘို-မြစ်ကြီးနား မဟာဗျူဟာလမ်းမပဲ။ လမ်းမကြီးပေါ် က ခွဲထွက်သွားတဲ့ ကသာ-နဘားလမ်းခွဲကနေ ဝင်သွားရင် ကသာမြို့ကို ရောက်ကရောပဲ။ ကသာကနေမြောက်ဘက်ကြည့်လိုက်ရင် ကသာ-ရွှေဂူကြားကဧရာဝတီမြစ်ကွေးနေရာတွေ့လိမ့်မယ်။ တိုက်ပွဲတွေ စိတ်လွန်းတဲ့ကေအိုင်အေတွက် ခံတပ်နေရာပဲ။ တောင်ဘက်ကိုမိုင်သုံးဆယ်လောက်ဆင်းလိုက်ရင် ပင်လည်ဘူး၊ ဝန်းသို ဒေသရောက်မယ်။အဲဒီနေရာမှာလည်း (KIA+PDF) တွေ တိုက်ပွဲဖော်နေတာ။ စခန်းစိုက်ထားတာ(သတင်းတွေအရ) တွေ့ရ တယ်။

ဆိုရရင် ကချင်ပြည်နယ်၊ နိမိတ်မျဉ်းကို ကျော်ပြီးစစ်ကိုင်းတိုင်းမြောက်ဘက်မှာ အခြေချဖို့ တိုက်ပွဲဖော်နေကြပုံပဲ။ပြည်သူတွေကတော့ စစ်ပွဲဖြစ်ပြီဟေ့ဆိုရင် ကြုံနေကျ ထုံးစံအတိုင်းပြေးကြ လွှားကြ၊ တောတိုးကြ၊ ကူညီမဲ့သူကို မျှော်ကြပေါ့။

(၃၅) စစ်ကိုင်းမြောက်၊ ကချင်နယ်စပ် နယ်မြေရှင်းလင်းရေး ခေါင်းစဉ်အောက်မှာ

၁၃ ၁၀ ၂၂

ဒီရက်တွေမှာ စစ်ကိုင်းတိုင်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်နယ်စပ်တွေမှာ နယ်မြေရှင်းလင်း နေတာ သတင်းတွေထဲမှာ တွေ့နေရတယ်။ဧရာဝတီမြစ်ရဲ့ အရှေ့နဲ့ အနောက်၊ ဗန်းမောက်နယ်နဲ့ ရွှေကူကသာနယ်ထဲမှာ ဖြစ်ပွားနေသလို၊ ဝန်းသိုမြောက်ဘက်က ရွာတွေလည်းပြေးနေကြရတယ်။ မိုးထဲ ရေထဲမှာ တောထဲတောင်ထဲကိုပေါ့။ကြည့်ရတာ၊ စစ်ကိုင်းနယ်ထဲကို ခြေချဖို့ ကြိုးစားလာတဲ့KIA+KPDF တွေကို ရှင်းလင်းနေတာ လို့ ယူဆရတယ်။ စစ်ဆင်ရေးစစ်ကြောင်းတစ်ကြောင်းစီမှာ အင်အား ၃၀၀ လောက်စီ သုံးထားတယ် လို့ခန့်မှန်းပြောဆိုကြတယ်။ စစ်ကြောင်းကြီးကနေ စစ်ကြောင်းလေးတွေခွဲထုတ်စစ်ချီရရင်တော့ တစ်ကြောင်းမှာငါးဆယ်တစ်ရာစီလောက်ပါလိမ့်မယ်။ဗန်းမောက်မြို့ အရှေ့ဘက်ခြမ်း၊ မဲဇာမြစ်ရဲ့ ချောင်းလက်တက်၊တောင်ချောင်းပြန့်က၊ ကျောက် အိုင်၊ ပေပင်၊ သောင်ကြီး၊ စီးမော်၊ချောင်းပေါက်၊ နားစင်းလုံရွာတွေဘက်မှာဆို ဇွန်လကုန်ပိုင်းလောက်ကတည်းက ( KIA+KPDF ၊ ကသာတပ်ရင်း၂၊ ဗန်းမောက်PDF၊ အင်းတော် PDFနှင့်တိုက်ပွဲ စကစ ၅ ကျ၊ ၅ အရှင်မိ၊ လက်နက်ရ)ဆိုတဲ့သတင်းတွေနဲ့အတူတိုက်ပွဲတွေ စိတ်စိတ်ဖြစ်နေလိုက်တာ စက်တင်ဘာလဆန်းပိုင်းအထိပဲ။ စက်တင်ဘာ ၄/၅/၆ရက်တွေမှာဆိုအဲ့ဒီရွာတွေဘက်မှာ လေယာဉ်ပစ်ကူ အကြိမ်ကြိမ်ပေးနေရတာ တွေ့ရတယ်။စီးမော်ရွာမှာ ဝင်အထိုင်ချပြီး ရွာကို မီးရှို့တယ်လို့ သတင်းတွေ ကဆိုတယ်။

အစောပိုင်း တိုက်ပွဲတွေမှာ ရှမ်းနီတပ် SNA ပါတာတွေ့ပေမဲ့နောက်ပိုင်းသတင်းတွေမှာတော့ မတွေ့ရပြန်ဘူး။ စက်တင်ဘာ၁၁ရက်သတင်းမှာတော့ အဲ့ဒီရွာစုရဲ့ အနောက်ဘက်သုံးလေးမိုင်လောက်အကွာက  နားမော် ရွာနားက တိုက်ပွဲမှာ စကစ အကျအဆုံးများပြီးလက်နက်ခဲယမ်းတွေ ရရှိတယ် ဆို ပေမဲ့ ဘယ်လောက်ရတယ်ဆိုတော့သတင်းမျိုးတော့ မထုတ်ပြန်ဘူး။ ဒီပွဲမှာ စစ်ကိုင်းတိုင်း အထူးတပ်ဖွဲ့လို့ နာမည်ပေးထားတဲ့ KIA+KPDF ကွန်မင်ဒိုတပ်ဖွဲ့က၆ယောက်ကျဆုံးလို့ ပြောတယ်။ တပ်စိတ် တစ်စိတ်လုံး နီးပါးကျဆုံးခဲ့တာပဲ။ (တစ်စိတ်ကို ၇ယောက်နဲ့ တွက်ရင်ပေါ့) သူ့တောင်ဘက်မိုင်သုံး ဆယ်လောက်အကွာမှာ ဝန်းသို ရှိတယ်။ ဝန်းသို မြောက်ဘက်ကအထက်စကားနီ၊ အလယ်ကျွန်း၊ အင်းမ၊ ပန်းညို၊ ညောင်အင်း၊ အင်ပင်၊ဂျိုးတောင်၊ အောက်စကားနီတွေ ရွာတွေတော့ ဇူလိုင်လ ၁၃ ရက်ကတည်းကပြေးနေရတာတွေ့တာပဲ။ စစ်ကြောင်း ပြန်သွားရင်တော့ ရွာတွေမှာပြန်ဝင်နေကြမယ် ထင်တယ်။ အဲဒီဘက်ထိုးတဲ့ စစ်ကြောင်းကတော့ဗန်းမောက်အရှေ့ဘက်ကို ထိုးနေတဲ့ စစ်ကြောင်း ဟုတ်ဟန်မတူဘူး။ဆိုချင်တာကတော့ စစ်ကြောင်းတွေ ပြန့်ကြဲ၊ အင်အားတွေဖြန့်ခွဲတိုက်နေရတဲ့ အကြောင်းပါ။ မဟာဗျူဟာ လမ်းမကြီးကို သုံးပြီးလမ်းမရဲ့ အရှေ့နဲ့ အနောက်ကို ဝင်ရှင်းနေတဲ့ စစ် ကြောင်းလည်းတွေ့ရတယ်။ အဲဒီလမ်းမပေါ်မှာ မိုင်းခွဲတိုက်ခိုက်တာ၊ကြားဖြတ်တိုက်ခိုက်တာလည်း မကြာခဏ ခံနေရတယ်။ အဲ့ဒီလမ်းမပေါ်နဲ့လမ်းမနားကရွာတွေလည်း မှုံနေအောင် ပြေးနေကြရရှာတာ ပဲ။ ရွှေကူမြို့ရဲ့ အနောက်ဘက် ဧရာဝတီမြစ်အနောက်ဘက်ကမ်းကရွာတွေထဲမှာ မိုးစစ်ရွာလည်း တစ်ရွာ ပါဝင်တယ်။ သူ့သတင်းမှတ်စုမှာတော့ ခုလို ရေးထားတယ်။ (( ၂၂၀၉၂၂ အင်အား ၃၀ ခန့် ပါဝင်သော စက်လှေသုံးစီးသည် ရွှေကူမြို့နယ် ကျွန်းတော်ကျေးရွာမှဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ မိုးစစ် ကျေးရွာသို့ ကူးလာစဉ်(မိုးစစ်မှာ စကစအင်အား ၁၀၀ခန့် တပ်စွဲထား) KPDFစောင့်ကြိုတိုက်ခိုက်ခဲ့၊ အရာရှိ ၁ အပါ ၂၀ခန့်သေ၊လှေသုံးစီးစလုံးနစ်))။သတင်းတစ်ခုမှာတော့ ဒီတိုက်ပွဲကိုမြို့လှပြည်သူ့ကာကွယ်ရေးတပ်နဲ့ ဖြစ်တာလို့ ရေးထားတာ တွေ့တယ်။ဧရာဝတီမြစ်အနောက်ဘက်ကမ်းက တိုက်ပွဲတွေရဲ့ အကျိုးဆက်ကို အောက်တိုဘာ၁၁ ရက်နေ့မှာ မြစ်အရှေ့ဘက်ကမ်း (KIA တပ်မဟာ ၃နယ်မြေ)မှာနယ်မြေရှင်းလင်းရေး ဝင်လာပြီး တုံ့ပြန် တယ်။ နောင်လတ်ကြီးနဲ့နန့်လန်ကြားမှာ တိုက်ပွဲဖြစ်တယ်။ အဲဒီ ၂ ရွာ ပြေးရတယ်။ စကစ ကနီးရာကို လက်နက်ကြီးနဲ့ လှမ်းထုတော့ စီမူကြီး၊ စီမူလေး၊ မံဝိန်း၊စီသာရွာတွေပါ ပြေးရတယ်။

အားလုံးဟာ စစ်ကိုင်းမြောက်နဲ့ ကချင်နယ်စပ်မျဉ်းတစ်ဖက်တစ်ချက်မှာ ဖြစ်နေတာချည်းပဲ။ဇွန်လ၊ တစ်ချို့နေရာတွေမှာ ဧပြီလလောက်ကတည်းက နယ်မြေရှင်းလင်းခေါင်းစဉ်အောက်မှာ မရပ် မနားတိုက်နေကြရတာ စစ်သားတွေလည်း မောလှ၊ပန်းလှရောပေါ့။ သေပျောက်ဒဏ်ရာတွေလည်း (ကိန်းဂဏန်းနဲ့ဖော်သာမပြတယ်) နည်းလှမှာ မဟုတ်တော့ဘူး။စစ်ပွဲတွေကတော့ မမောသေး၊ မညောင်းသေး။ ဆက်လက် အသံမည်နေသေး။ရှေ့ဆက်သွား နေကြသေးတယ်။ ဘယ်နှစ်ဘယ်လ ဘယ်ရက်လောက်အထိများဒေသခံပြည်သူတွေ ပြေးနေကြရဦး မလဲ မသိ။ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊လောက်ငပြည့်စုံခြင်းရှိကြပါစေ။

ငြိမ်းအေးအိမ်