နွေဦးမှတ်တမ်း

၂၄ စက်တင်ဘာ ၂၀၂၂

စစ်တပ်ဟာ စစ်တပ်အနေနဲ့ နိုင်ငံတော်အာဏာကို ရယူထားလို့မရတဲ့အတွက်စစ်အာဏာသိမ်းပြီးတိုင်း မှာ အရပ်သားအစိုးရအသွင်ကို ပြောင်းယူကြရတယ်။စစ်အာဏာသိမ်းမှုတစ်ခုပြီးတိုင်း နိုင်ငံရေးဘက်က ကြည့် ရင် စစ်တပ်ရဲ့ တန်ဖိုးဟာ ကျဆင်းသွားပြီးစီးပွားရေးဘက်ကကြည့်ရင် တိုင်းပြည်ရဲ့ တန်ဖိုးဟာ ကျဆင်းသွားတာ တွေ့ရတယ်။ ၁၉၆၂ပထမအကြိမ် စစ်အာဏာသိမ်းမှာ စစ်တပ်ရဲ့ နိုင်ငံရေးတန်ဖိုးက အရမ်း ကျဆင်းမသွားတာကိုတွေ့ရ တယ်။ အဓိကက ကမ္ဘာ့နိုင်ငံရေးရေစီးကြောင့် ဖြစ်တယ်။ စစ်အေးကာလထဲဖြစ်လို့ဆိုဗီယက်ဦးဆောင်တဲ့ တစ်ပါတီပုံစံအုပ်ချုပ်တဲ့ နိုင်ငံတွေဟာ အမေရိကန်ဦး‌ဆောင်တဲ့ဒီမိုကရေစီနိုင်ငံတွေနဲ့ အပြိုင်ရပ်တည်နေနိုင်ကြ တယ်။ ဒီတော့ မဆလပေါ်လာတယ်။တစ်ပါတီအာဏာရှင်ပုံစံနဲ့ အရပ်သားအစိုးရ အသွင်ပြောင်းပြီး ဆက်သွား နိုင်တယ်။ ၁၉၆၂ မှာနိုင်ငံကြွယ်ဝမှုက ရှိနေသေးတော့ အာဏာရှင်ရဲ့ အလွဲသုံးစားမှုကြောင့်  နိုင်ငံဟာ ကြွယ်ဝ သလောက်သာဆုံးရှုံးသွားတဲ့သဘော ရှိတယ်။ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံစာရင်းမှာ ထည့်သွင်းသတ်မှတ်ခံရ တယ်။

၁၉၈၈

ကမ္ဘာမှာစစ်အေးပြီးလုချိန်ဖြစ်လို့ တစ်ပါတီဦးဆောင်တဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးကျဆင်းမှု တွေဟာ ထင်သာမြင်သာ ဖြစ်လာချိန်လည်း ဖြစ်တယ်။ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှာမဆလရဲ့ (တစ်နည်း ပြောရင် စစ်တပ်ရဲ့) နိုင်ငံရေးအခန်းကဏ္ဍဟာ သိသိသာသာ ကျဆင်းသွားတယ်။တစ်ပါတီကလည်း ခေတ်မစား တော့ဘူး။ ၁၉၉၀ ပါတီစုံ ရွေးကောက်ပွဲမှာ စစ်တပ်ရဲ့ တဆညပါတီဟာအင်အယ်ဒီကို ရှုံးတယ်။ ဒီအရှုံးကို စစ်တပ်ဘက်က လိမ်လည်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ‌ရေးဆွဲရေးကိုအကြောင်းပြပြီး အာဏာလွှဲမပေးဘူး။ ဒီတော့ စစ်တပ်ရဲ့ နိုင်ငံရေးပါဝါဟာ ဆက်ပြီးထိုးဆင်းသွားတယ်။ နိုင်ငံကြွယ်ဝမှုဟာ ၆၂ စစ်အာဏာသိမ်း တစ်ပါတီအာဏာရှင်လက်ထက်မှာကုန်ဆုံးသွားတဲ့အတွက် ၁၉၉၀ နောက်ပိုင်းမှာ စစ်အာဏာသိမ်းအစိုးရဟာ နိုင်ငံရဲ့ မြေပေါ်မြေအောက်သယံဇာတတွေကို တူးဖော်သုံးစွဲ ရင်း၊ ခရိုနီမွေး စီးပွားရှာတယ်။ ဒီအဆင့်မှာ တိုင်းပြည်ဟာအတွင်းလှိုက်ခိုးယူသုံးစွဲခံရတဲ့ အဆင့်ကို ရောက်လာ တယ်။

၂၀၂၀

စစ်တပ်ဟာ သူတို့ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီဘက်ကအနိုင်ရခဲ့ရင်အာဏာကို လွှဲမပေးတာ (၁၉၉၀) နဲ့ လွှဲပေးခဲ့ရင်လည်း အာဏာကို ပြန်သိမ်းယူနိုင်တဲ့ သဘောတရားကိုခြေဥ (၂၀၀၈) မှာ ထည့်သွင်းခဲ့တယ်။ ဒီအတွေးအခေါ်က အာဏာရဲ့ မူလပိုင်ရှင်ဟာ စစ်တပ်ပဲဆိုတာကိုတစ်နည်းနည်းနဲ့ ကိုင်ဆွဲ ထားလိုရင်းဖြစ်တယ်။ ဒါ‌ကြောင့် ၂၀၁၅ မှာ အင်အယ်ဒီကို အာဏာလွှဲပေးပေမဲ့အစိုးရနောက်ကနေ စစ်တပ်က တစ်ချိန်လုံး ထိမ်းကျောင်းထားချင်တဲ့ ပုံစံနဲ့ ရပ်တည်ခဲ့တယ်။ သို့သော် ၂၀၂၀ စစ်အာဏာသိမ်းအပြီးမှာ ကြုံတွေ့လိုက်ရတာက စစ်အာဏာသိမ်းမှုဟာ သူတို့ရဲ့နိုင်ငံရေး ပါဝါနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မိပြီဆိုတာပဲ ဖြစ်တယ်။၂၀၀၈ ခြေဥနဲ့ တည် ထားတဲ့ စစ်တပ်ရဲ့ မဟာဗျူဟာ နောက်ဆုံးထွက်ပေါက်ကို ကိုယ်တိုင်ပြန်ပိတ်လိုက်မိပြီ ဆိုတာပဲ ဖြစ်တယ်။ စစ်အာဏာသိမ်းပြီးတိုင်းမှာ နိုင်ငံတွင်းမှာ အမြဲတမ်း ထွက်ပြေးမှု ၂ ခုကို ကြုံတွေ့ရတယ်။အဲဒါက လူနဲ့ ငွေပဲ။ နိုင်ငံမှာရှိတဲ့ ငွေအရင်းနဲ့ လူသားအရင်းအမြစ်တွေဟာ ထွက်ပြေးကြရတယ်။ humanflight နဲ့ capital flight လို့ ခေါ်ကြတယ်။ မြန်မာမှာ ၁၉၆၂ ကစလို့ လူ့အရင်းအမြစ်နဲ့ငွေကြေးအရင်းအမြစ်တွေဟာ နိုင်ငံကို စွန့်ခွာကြရာမှာ အခုအဆင့်မှာ အမြင့်ဆုံးဖြစ်လာတာကိုတွေ့ရတယ်။

စစ်တပ်နဲ့ အစိုးရ

မြန်မာနိုင်ငံရေးသမိုင်းတစ်ခုလုံးနဲ့ လွတ်လပ်ရေးရပြီးတဲ့နောက်ပိုင်း နိုင်ငံရဲ့ နိမ့်ကျဆုံးရှုံးမှုကိုကြည့်တဲ့ အခါမှာ အမှား ၂ ခုကို အဓိကတွေ့ရတယ်။ (၁) က အသက်မွေးဝမ်းကျောင်းမှုရဲ့ကိုယ်ကျင့်သဘောတရား မရှိမှု ဖြစ်ပြီး (၂) က အစိုးရကောင်းတစ်ရပ်ရဲ့ သ‌ဘောတရားကိုနားမလည်တာဖြစ်တယ်။ လူမှန်ရင် အသက်မွေးမှုတစ်ခုပြုရတယ်။ ဘယ်အသက်မွေးဝမ်းကျောင်းမှုတစ်ခုကမှအခြားအသက် မွေးဝမ်းကျောင်းမှုထက် သာလွန်တယ် မြင့်မြတ်တယ် မရှိဘူး။ခွဲခြားသတ်မှတ်ထားစရာလည်း မလိုဘူး။ စစ်တပ်ဟာ တိုင်းပြည်ကို ကာကွယ်နေလို့ပိုကောင်းတဲ့အဖွဲ့အစည်းလို့ သတ်မှတ်စရာမလိုဘူး။ ဆရာဝန်အလုပ် က လူနာကို ကုဖို့ဖြစ်သလိုကျောင်းဆရာကလည်း စာသင်ဖို့ပဲ။ ကိုယ့်အသက်မွေးမှုနဲ့ ဆိုင်တဲ့ ကိုယ်ကျင့် (Professional Ethic) ကိုကိုယ်နားလည်ဖို့ပဲ။ ဘယ်အလုပ်က ပိုမြင့်မြတ်တယ် ခွဲခြားစရာလို။ ကြိုက်ရင်လုပ် မကြိုက်ရင်မလုပ်ကြဖို့သာ ဖြစ်တယ်။ ဒီလို ကိုယ့်အလုပ်ကိုယ်လုပ်နိုင်ဖို့ အစိုးရကောင်းတစ်ခု လိုတယ်။ အစိုးရကောင်းတစ်ခုဟာ ဥပဒေကောင်းတစ်ခုရဲ့ တည့်မတ်မှုနဲ့လည်း သွားဖို့လိုတယ်။

တည့်မတ်မှု ၂ ခု

နွေဦးတော်လှန်ရေးရဲ့ လက်နက်ကိုင်အဆင့်ဟာ အသွင်သဏ္ဌာန်အရ စစ်တပ်ကို တိုက်နေတယ်ဆိုပေမဲ့ အနှစ်သာရမှာ အသက်မွေးမှုရဲ့ ကိုယ်ကျင့်တန်ဖိုးကို ပြန်လည်တည့်မတ်ခြင်းလို့နားလည်ထားဖို့လိုတယ်။ မျက်နှာချင်းဆိုင်မှာ လက်နက်ချင်းယှဥ်တိုက်ကြရပေမဲ့ နောက်ကွယ်မှာရှိတဲ့သဘောတရားကို ပြောရရင် လက်နက်ကိုင်ထားတဲ့လူ (အသက်မွေးမှု) က ကိုင်မထားတဲ့လူတွေ(အသက်မွေးမှုတွေ) အပေါ် အနိုင်ကျင့် ဗိုလ်ကျမှုကို တိုက်ဖျက်နေတာ တည့်မတ်နေတာဖြစ်တယ်။ ဒုတိယတည့်မတ်မှုက ဖက်ဒရယ်အဆင့်မှာ ကြုံတွေ့ရမှာ ဖြစ်တယ်။ ဒီအဆင့်မှာအစိုးရကောင်းတစ်ခု၊ ဥပဒေကောင်းတစ်ခု လိုတယ်။ လက်ရှိအခြေအနေတွေနဲ့ တော်လှန်ရေးရဲ့ စတင်ရာအခြေခံရာ စုစည်းလှုပ်ရှားမှု နဲ့ အနာဂတ်ကို မျှော်မြင်ကြည့်နိုင်တဲ့ တော်လှန်ရေးဦးဆောင်မှုတစ်ခုကသာအစိုးရကောင်းတစ်ခုနဲ့ ဥပဒေ ကောင်းတစ်ခုကို ဖန်တီးနိုင်မယ်။ အဲဒီဖန်တီးနိုင်မှုက ပထမအဆင့် တည့်မတ်မှုဖြစ်တဲ့ လက်နက်ကိုင်တော်လှန်ရေးကိုမှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် အောင်မြင်စေပါလိမ့်မယ်။

၉ အောက်တိုဘာ ၂၀၂၂

NUG က စကစ ကို ၂၀၂၃ အတွင်း အပြတ်အနိုင်တိုက်ဖို့ အစီအစဥ်တွေ မဟာမိတ်တွေနဲ့ပူးပေါင်းရေးဆွဲပြီးသွားပြီလို့ သတင်းထုတ်ပြန်တယ်။

တိုက်ပွဲနဲ့ စစ်ပွဲ

ရှေ့မှာ တိုက်ပွဲကို လိုကယ်အခြေပြုတိုက်ပွဲ (Battle) နဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စစ်ပွဲ (War) ဆိုပြီး ခွဲခြားပြောခဲ့တယ်။ လိုကယ်အခြေခံတိုက်ပွဲတွေဟာနည်းဗျူဟာကိုအခြေပြုမယ်။ သူ့မှာ တိုက်ပွဲကို ဘယ်လိုနိုင်အောင်တိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်ကိုပဲ အခြေခံတယ်။ အဲဒီအဆင့် တိုက်ပွဲ ပေါင်းများစွာ တိုက်ခဲ့ပြီးလို့နောက်အဆင့်တစ်ဆင့်ကို ဆက်သွားဖို့ ကြားခံကာလတစ်ခုကို ဖြတ်သန်း နေတယ်လို့သုံးသပ်ခဲ့တယ်။ စစ်ပွဲမှာကျတော့ နည်းဗျူဟာနဲ့ မလုံလောက်တော့။ မဟာဗျူဟာ ပါလာတယ်။စစ်ပွဲတစ်ခုမှာ မဟာဗျူဟာလိုလာတယ်ဆိုတဲ့ သဘောတရားက စစ်ပွဲမှာ နိုင်ငံရေးရဲ့အခန်းပါလာတယ်လို့ ဆိုလိုတာပဲ ဖြစ်တယ်။ စစ်ပွဲကို ဘယ်လိုတိုက်မလဲဆိုတာနည်းတူဘယ်သူတွေနဲ့ တိုက်မလဲ။ ဘယ်အပိုင်းကို ဘယ်သူတွေက တိုက်မလဲ။ဘယ်အဆင့်ရောက်အောင် တိုက်မလဲ။ ဘယ်လောက်ထိနိုင်သွားရင်ဆွေးနွေးညှိနှိုင်းမှုတွေလုပ်မလား အစရှိတာတွေ ပါလာနိုင်တာကို ဆိုချင်တာဖြစ်တယ်။  နည်းဗျူဟာ လိုကယ်တိုက်ပွဲတွေဟာ အမိန့်ပေးထိမ်းချုပ်မှု (Command and ControlCenter) မလိုဘူး။ တစ်နေရာမှာ အထိုင်ချထားတဲ့ ရန်သူစခန်းတစ်ခုကို ကိုယ့်အဖွဲ့က ဝင်စီးနင်းတိုက်ခိုက် (သိမ်းပိုက်) လိုက်တာပဲဖြစ်တယ်။ မဟာဗျူဟာစစ်ပွဲတွေမှာတော့အမိန့်ပေးထိမ်းချုပ်မှု လိုလာတယ်။ အဲဒီအစီအမံအောက်ကနေ စစ်ပွဲတစ်ခုလုံးကိုထိမ်းကျောင်းစီမံတိုက်ခိုက်ရတာ ဖြစ် တယ်။ ခုတစ်ဆင့်တက်မှာ နည်းဗျူဟာကနေမဟာဗျူဟာ တိုက်ပွဲတွေကိုလားလို့ မေးလာရင် ကြားမှာ တစ်ဆင့်ခံနေသေးတယ်လို့ပြောရမှာဖြစ်တယ်။

စစ်ဆင်ရေး

တချို့စစ်ရေးသုံးသပ်သူ ကျွမ်းကျင်သူတွေက စစ်ဆင်ရေးဆိုတာကို အဆင့်တစ်ခုအနေနဲ့ထည့်သွင်း မသတ်မှတ်ဘူး။ နွေဦးတော်လှန်ရေးမှာတော့ ဒီအဆင့်ကို ထည့်သွင်းတာဟာ လက်ရှိဖြစ်ထွန်းနေတဲ့ အနေအထားနဲ့ ကိုက်ညီမှုရှိတယ်လို့ ယူဆတယ်။စစ်ရေးလေ့လာတဲ့ပညာရှင်တချို့ သတ်မှတ်ချက်အရ စစ်ဆင်ရေးတွေဟာ နည်းဗျူဟာနဲ့မဟာဗျူဟာ ၂ ခုကို ဒိုင်ယာလက်တစ်လုပ်ရင်း ပေါ်ထွက်လာတာလို့လည်း ဆိုကြတယ်။ဆိုလိုတာ ဗျူဟာ ၂ ခုကို ချဥ်းကပ်ရင်း အားသာချက်အားနည်း ချက်တွေကို လေ့လာရင်း ဒီ ၂ခုကြားက အသစ်ထွက်ပေါ်လာမှုဆိုတဲ့သဘောပဲ။ နောက်ထပ်တချို့ဖြည့်စွက်ပြောကြတာကတော့ စစ်ဆင်ရေးဟာ အရပ်ဘက် (နိုင်ငံရေး၊ နိုင်ငံရေးသမားတွေ) နဲ့စစ်ဘက် (စစ်ရေး၊ စစ်ဘက်အဖွဲ့အစည်းတွေ) ဆက်ဆံရေးကို စတင်ထိတွေ့စေတဲ့ အဆင့်ပဲလို့ဆိုတယ်။

စစ်ဆင်ရေးမှာ အ‌ရေးပါလာတာတွေက

၁။ အုပ်ချုပ်ရေးပိုင်း (ဒီမှာဆိုလိုတာက စစ်သည်တွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းနဲ့ ကျင့်ဝတ်ပိုင်းကိုလေ့ကျင့် ပျိုးထောင်ထားတာ)၊
၂။ သတင်းရင်းမြစ် (စစ်ဆင်ရေးဆင်နွှဲမယ့် နေရာဒေသက ကိုယ့်အင်အား၊ သူ့အင်အား၊လူထုအနေ အထား၊ လူဦးရေ စသည်)၊
၃။ ပူးပေါင်းမှု (တိုက်ပွဲကို ဘယ်လိုပုံပေါ်မယ်၊ ဘယ်လိုချိန်ကိုက်တိုက်ပွဲဝင်မယ်၊ အချိန်နေရာနဲ့စစ်အင် အားတွေကို စုစည်းပုံဖော်နိုင်တာ)၊
၄။ ကျည်ပစ်အား (ဘယ်လို လက်နက်တွေ၊ ဘယ်လောက်ထိပစ်နိုင်တဲ့ လက်နက်တွေပါအပါအဝင်)၊
၅။ ထောက်ပို့နဲ့
၆။ ဗဟိုထိမ်းချုပ်အမိန့်ပေးပုံစံပဲ ဖြစ်တယ်။

ဒီနေရာမှာ သီအိုရီအရ အမိန့်ပေး (Command) ဆိုတာ ဘာလုပ်ရမယ်ဆိုတာကိုညွှန်ကြားတာ။ အမိန့်ဖြစ်လို့ အပေါ်ကနေ အောက်ကိုသွားတာဖြစ်တယ်။ ထိန်းချုပ်မှု (Control)ဆိုတာကျတော့ အမိန့် အရဆောင်ရွက်တဲ့ တိုက်ခိုက်မှုတွေ နယ်မြေစီးနင်းမှုတွေ စတာတွေရဲ့အနေအထားတွေ ဘယ်လောက် အောင်မြင်တယ် ဘယ်နေရာတွေမှာခန့်မှန်းထားတာထက်ပိုလွယ်နေ ပိုခက်နေ စတာတွေကို ပြန် သတင်းပို့တာကို ဆိုလိုတယ်။ဒါကြောင့် တိုက်ပွဲစစ်ပွဲ အမိန့်နဲ့ အကောင်အထည်ဖော်နိုင်မှုတွေဟာ စစ်မြေပြင်နဲ့ထိမ်းချုပ်စခန်းကြားမှာ မှန်မှန်နဲ့ မြန်မြန် စီးဆင်းနေဖို့လိုတယ်ဆိုတာပဲ ဖြစ်တယ်။ ရှေးက စစ်ပွဲတွေမှာ ကွန်မင်ဒါက စစ်ဆင်ရေးရဲ့ အပိုင်း၆ခုစလုံးကိုတိုက်ရိုက်ကွပ်ကဲတာမျိုးလုပ်ပြီး နောက်ပိုင်း စစ်ပွဲကြီးတွေမှာတော့ တချို့အစိတ်အပိုင်းတွေကိုတခြားလွှဲထားသူတွေက ကိုင်တွယ်တာ မျိုးတွေလုပ်ကြတယ်။

တစ်ဆင့်ပြီး တစ်ဆင့်လား

ဒီတော့ ရှေ့မှာပြောတဲ့ နောက်တဆင့်ဆိုတာဟာ လိုကယ် နည်းဗျူဟာစစ်ပွဲတွေကနေနောက် တစ်ဆင့်ဖြစ်တဲ့ စစ်ဆင်ရေးတွေကို ကူးပြောင်းလာတော့မယ်ဆိုတဲ့သဘောပဲ။ ဒါကြောင့်နုဂျီကနေ မဟာမိတ်တွေနဲ့ စစ်ရေး အစီအစဥ်တွေ အစီအမံတွေကို တနှစ်တာအတွက်ရေးဆွဲထားပြီလို့ ထုတ် ပြန်လာတာဖြစ်တယ်။  ဒါဆိုရင် စစ်ဆင်ရေးတွေပြီးမှ နောက်ဆုံးအဆုံးသတ် မဟာဗျူဟာမြောက် စစ်ပွဲတွေလိုက်လာ မှာလားလို့ မေးရင် အဖြေက စစ်ဆင်ရေးတွေပေါ် မူတည်တယ်လို့ပဲ ပြောနိုင်မယ်။သီအိုရီအရ စစ်ဆင် ရေးတွေဆိုတာက နည်းဗျူဟာအခြေခံတိုက်ပွဲတွေကို စုစည်းပုံဖော်ပြီးအဲဒီတိုက်ပွဲတစ်ခုချင်းဆီရဲ့ အောင်မြင်မှုကနေ မဟာဗျူဟာတိုက်ပွဲတွေအောင်မြင်ဖို့ ပံ့ပိုးစေတာလို့ ဆိုတယ်။ စစ်ဆင်ရေးတွေကို ပညာရပ်ပိုင်းဆိုင်ရာက ချိန်ဆထားတဲ့အ‌ပေါ်က ၆ချက်ရှိတယ်ဆိုပေမယ့် ရိုးရိုးရှင်းရှင်း မြင်ကြည့်မယ် ဆိုရင်တော့ အင်အား (လူ၊လက်နက်၊ ငွေနဲ့ မဟာမိတ်) ပေါ်မူတည်တယ်ဆိုပြီး တွေ့ရမယ်။အင်အားရဲ့နောက်ကွယ်မှာ  သို့ပေမဲ့ အချက်တစ်ချက်ကို သတိထားဖို့လိုမယ်။ အဲဒါ (မြို့နေ) လူထုဖြစ်တယ်။လက်ရှိအနေ အထားမှာ လူထုဟာ  ၂ ခုထဲကနေတစ်ခု ဆိုးကောင်းဝေခွဲရခက်တဲ့ ဒိုင်လန်းမား(Dilemma) တစ်ခု ရှိ ကောင်းရှိနေနိုင်တယ်။ စကစဘက်ကကြည့်တော့ တပ်အင်အားတွေအကျအဆုံးများတယ်၊ တပ်ပြေး တွေ ရှိတယ်၊ တပ်ရဲ့ တိုက်ခိုက်နိုင်စွမ်းအားတွေ ချို့တဲ့နေတယ်ဆိုတာ ဖုံးဖိထားလို့ မရတဲ့ သတင်းတွေ ဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ စကစဟာအုပ်ချုပ်ရေးယန္တရားကို အနိမ့်ဆုံးအဆင့် လည်ပတ်နေနိုင် သေးတာကို တွေ့ရတယ်။ မြို့တွေစျေးတွေ စားသောက်ဆိုင်တွေ အခါကြီးရက်ကြီးတွေဟာ ပုံမှန်လို လည်ပတ်နေတာတွေ့ရတယ်။ တစ်ဖက်မှာ တော်လှန်ရေးလက်နက်ကိုင်အင်အား အဖွဲ့အစည်းအားလုံးဟာ တိုက်ပွဲတွေအတော်များများကို အောင်မြင်နေတယ်ဆိုပေမဲ့ နောက်အဆင့်တစ်ခုတက်ဖို့ အားယူနေရဆဲဆိုတာ ကိုတွေ့ရတယ်။ နယ်မြေထိမ်းချုပ်နိုင်မှုကို အုပ်ချုပ်ရေးပိုင်းနဲ့ ယှဥ်တွဲမဖော်ပြနိုင်သေးတာ၊ တော် လှန်ရေးဟာ အချိန်တစ်ခု ရလာပြီး စီဒီအမ်သမား (ရုံးနဲ့ ကျောင်း)တွေရဲ့ ရပ်တည်ရေးကို ခက်ခဲစေ တာလည်း တွေ့ရတယ်။ ဒါကြောင့် တော်လှန်ရေးပေါ် လူထုရဲ့ရပ်တည်မှုဟာ မတိမ်း‌စောင်းပေမဲ့ လိုက် ပါနိုင်မှုကို အချိန်ကာလနဲ့အတူထဲ့သွင်းတွက်ချက်တတ်ဖို့ လိုမယ်။ နိုင်ငံတကာမှာ စကစရဲ့ စစ်အာဏာသိမ်းမှု အသိအမှတ်ပြု မခံခဲ့ရတာ အစကနေအခုအထိ ပဲ။  သံတမန်ရေးရာတိုက်ပွဲမှာ လုံးလုံးရှုံးနိမ့်ခဲ့ပြီးဖြစ်တဲ့ စကစအတွက် ၂၀၂၃ ဟာစီးပွားရေးပိုင်းနည်း တူ ဥပဒေပိုင်းမှာလည်း ကြီးမားတဲ့ အခက်အခဲနဲ့ အကျပ်အတည်းတွေရင်ဆိုင်ရမယ့် နှစ်တစ်နှစ်ဖြစ် လာဖို့ ရှိတယ်။ ဒီအချက်တွေဟာ သူတို့ရဲ့ နောက်ဆုံးခံစစ်ဖြစ်တဲ့ပြည်တွင်းလက်နက်ကိုင်တိုက်ပွဲတွေ ကို ကျဆုံးဖို့ တွန်းပို့ လာဖို့ရှိတယ်။ ရှေ့တစ်ဆင့် စစ်ဆင်ရေးတွေဟာ တစ်နည်းပြောရရင် ၂၀၂၃ ဟာ တော်လှန်ရေးရဲ့
အဆုံးအဖြတ် ဖြစ်တယ်။

၂၂ အောက်တိုဘာ ၂၀၂၂

မနေ့က သတင်းကြီး ၂ ခုတက်တယ်။ မနက်ပိုင်းသတင်းက ကော့ကရိတ်စစ်‌ရေးသတင်းဖြစ်ပြီး ညပိုင်းသတင်းက FATF သတင်းပါ။ FATF (Financial Action Task Force) ဆိုတာ ငွေမည်းခဝါချတာကို စောင့်ကြည့်တဲ့အပြစ် ပေး အ‌ရေးယူတဲ့ နိုင်ငံတကာအဖွဲ့အစည်းပါ။ ၁၉၈၉ ခုနှစ် G7 ပါရီအစည်းအဝေးမှာဖွဲ့စည်းလိုက်တာ ဖြစ်တယ်။ ၉/၁၁ အပြီးမှာ ပိုပြီး အရှိန်ရလာပုံရှိတယ်။

တရားမဝင်‌ငွေကြေးခဝါချမှု၊ အကြမ်းဖက် အဖွဲ့ အစည်းတွေကို ထောက်ပံ့မှု နဲ့ နျူကလီးယား၊ဓာတုနဲ့ ဇီဝလက်နက်တွေ နဲ့ ဆက်စပ်တဲ့ လုပ်ငန်းဆောင် တာအားလုံးနဲ့ ပတ်သက်တာတွေကိုအဓိကပစ်မှတ်ထားတယ်။ နိုင်ငံတော်နဲ့ အဖွဲ့အစည်းတွေက ဦးဆောင်စီစဥ်တဲ့ ရာဇဝတ်မှုတွေ၊ခြစားမှုတွေကို ကာကွယ်တားဆီးဖို့ဖြစ်တယ်။ သူ့သတ်မှတ်ချက်မှာ အဆင့် ၂ ခုခွဲထားတယ်။ ပထမဆင့်က မီးခိုးရောင် (gray list)။ဒီအဆင့် မှာ သံသယရှိတဲ့ နိုင်ငံတွေအပေါ် စောင့်ကြည့်မှုကို တိုးမြှင့်ထားတယ်လို့ ဆိုလိုတယ်။ဒီအဆင့်မှာရှိတဲ့ နိုင်ငံတွေက ၁၀ ကျော် ၂၀ လောက် ရှိတယ်။ မြန်မာကို သတ်မှတ်လိုက်တာကအနက်ရောင် (black List) ဖြစ်တယ်။ ရှေ့မှာ မြောက်ကိုရီးယားနဲ့ အီရန်ပဲ ရှိတယ်။

၂၀၂၀ ဖေဖော်ဝါရီမှာ FATF က မြန်မာဟာ ငွေမည်းခဝါချ ငွေဖြူလုပ်တာတွေနဲ့ပတ်သက်ပြီး ကျူးလွန်မှုတွေ ရှိနေတယ်လို့ ဆုံးဖြတ်တယ်။ ၂၀၂၁ စက်တင်ဘာအထိလုပ်ရမှာတွေကို သတ်မှတ်ပေး တယ်။ ၂၀၂၂ ဇွန်မှာ ထပ်ပြီး ပြင်းပြင်းထန်ထန်ဖိအားပေးတိုက်တွန်းခဲ့ပေမဲ့ သတ်မှတ်ချိန် ၁ နှစ် သက် တမ်းကျော်လာတဲ့ အောက်တိုဘာ ၂၀၂၂အထိ မြန်မာဘက်က ဘာမှမလုပ်တဲ့အတွက် ခုလို နာမည်ပျက် စာရင်းသွင်းတာ ဖြစ်တယ်လို့FATF ဘက်က ထုတ်ပြန်တယ်။

မြန်မာဘက်က လုပ်ပေးဖို့ ပျက်ကွက်ခဲ့တာတွေက အရပ်စကားနဲ့ ပြောရရင်ငွေမည်းခဝါချမှုနဲ့ ဆက်စပ်နေတဲ့ အဓိကနယ်ပယ်တွေ (ဥပမာ လက်နက်အရောင်းအဝယ်၊မူးယစ်ဆေးဝါး အရောင်း အဝယ်၊ လူမှောင်ခို စသည်ဖြင့်) နဲ့ ကင်းအောင်နေ။ဟွန်ဒီငွေလွှဲလုပ်ငန်းကို မှတ်ပုံတင်ခိုင်း ဦးဆောင် ကြပ်မတ်မှုပေး။ ငွေမည်းခဝါချမှုနဲ့ဆက်စပ်နေလုပ်ငန်းတွေမှာ ဥပဒေအဖွဲ့အစည်းတွေရဲ့ စိစစ်မှုခံယူ။ စစ်ဆေးမှုအပြစ်ပေးမှုတွေလုပ်။ ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ပတ်သက်နေတဲ့ ပိုင်ဆိုင်မှုတွေကို ပိတ်သိမ်းအရေးယူ စတာတွေဖြစ်တယ်။

ခုအရေးယူမယ့်အဆင့်က EDD (enhanced due deligence measures) ခေါ်တယ်။မြန်မာ နဲ့ ပတ်သက်တဲ့ နိုင်ငံတကာငွေကြေးစီးဆင်းမှုတွေကို ကြပ်ကြပ်မတ်မတ်စစ်ဆေးစောင့်ကြည့်မယ့် အဆင့် ဖြစ်တယ်။ ဆိုတော့ ပုံမှန် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေကလုံးဝ လာဖို့မရှိတော့။ အချောင်နှိုက် အလွယ်လိုက် ကြမ်းပိုးသူခိုး ရင်းနှီးမြုပ်နှံမယ့်သူတွေကိုပါဟန့်တားချောက်လှန့်ခံလိုက်ရတဲ့ သဘော ရှိတယ်။ နိုင်ငံတကာဘဏ်တွေနဲ့ ပတ်သက်တာ၊ချေးငွေ စတာတွေဟာ မျှော်လင့်ချက်မရှိတော့။ ဒီအဆင့်မှာ လွတ်နေမယ့် ငွေကြေးစီးဆင်းမှုကလူသားချင်းစာနာတဲ့ အထောက်အကူတွေ၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းတွေနဲ့နိုင်ငံတကာရောက်မြန်မာတွေရဲ့ ပြည်တွင်းလွှဲငွေတွေပဲ ဖြစ်တယ်။

လတ်တလော ဒေါ်လာအတက်ဟာ လန့်ခုန်ဖြစ်တယ်။ ဒါပေမဲ့ ဘာစီးပွားရေးမှမည်မည်ရရ မရှိတဲ့ နိုင်ငံတစ်ခုဟာ နိုင်ငံခြားအရံငွေကို ဘယ်ကရမလဲ။ နိုင်ငံတကာကအသိအမှတ်မပြုတဲ့ စစ် အစိုးရတစ်ခုရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်က နိုင်ငံတစ်ခု၊ ပုံမှန်နိုင်ငံခြားငွေကြေးစီးဆင်းမှုအားလုံး ထိမ်း ချုပ်စောင့်ကြည့်ခံရတဲ့ နိုင်ငံတစ်ခုဟာ တခြားကြားပေါက်ကထွက်မယ့် အလွယ်လမ်းလေးတွေနဲ့ ဘယ်လောက်ထိ ဆက်တောင့်ခံနိုင်မလဲ။ ၂၀၂၃ ဟာ နိုင်ငံတကာက စီးပွားရေး (ငွေကြေး) ထိမ်းချုပ်မှုနဲ့နိုင်ငံတကာဥပဒေကြောင်းအရ အရေးယူမှု (အိုင်စီဂျေ၊ အိုင်စီစီ စသည်) ကို စကစခံရဖို့ရှိတယ်လို့ ရှေ့မှာ သုံးသပ်ခဲ့တယ်။

စစ်ကောင်စီဟာ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တောင့်တင်းတဲ့ အင်အားကြီးတဲ့အင်စတီ ကျူးရှင်းတစ်ခု ဖြစ်ခဲ့တယ်ဆိုတဲ့ ရွှေရောင်အတိတ်နဲ့ အခြေအနေတွေကို ဝေဝါးစွာမျှောကြည့် မျှော်ကြည့်နေဆဲဖြစ်တယ်။ ဒီအကျပ်အတည်းတွေကြားမှာ နွေဦးရဲ့ စူးရှတဲ့ပြင်းထန်တဲ့ တော်လှန်ရေး ကကော ဘာတွေ ဘယ်လောက်အထိ ‌ဆောင်ကြဥ်းပေးလာမလဲ။ ကော့ကရိတ်ဟာ စစ်ဆင်ရေးတွေဆီ ကူးပြောင်းဆဲကြားကာလတစ်ခု ပြီးဆုံးသွားတဲ့နောက်တစ်ဆင့် အစခြေလှမ်းတစ်ခု ဖြစ်လာပြီလား။

ကျော်ဇောခိုင်

Delta News

Read Previous

မြေပုံအမှတ်သားများထံမှ သတင်းပေးပို့ချက်

Read Next

ကမ္ဘာ့ဖလား မတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်မယ့် ပရီးမီးယားလိဂ် ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်