
ပြီးခဲ့တဲ့ တနင်္လာနေ့က မင်ဒါနာအိုကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျုဒ့် ၇.၈ အဆင့်ရှိတဲ့ အဆိုပါ ငလျင်ကြောင့်အဆောက်အအုံတွေ ပြိုကျတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့သလို တောင်ပိုင်းကျွန်းစုရဲ့ နေရာအနှံ့အပြားမှာ ဆူနာမီ သတိပေးချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
၁၀၊ ဇွန်။
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ပြင်းထန်တဲ့ ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ ၄၆ ဦးအထိ ရှိလာချိန်မှာပဲ ကယ်ဆယ်ရေးသမားတွေဟာ ဇွန်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ပြိုကျသွားတဲ့ စူပါမားကတ်အပျက်အစီးတွေထဲကနေ ရုပ်အလောင်းတလောင်းကို ထပ်မံဆွဲထုတ်နိုင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က မင်ဒါနာအိုကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား မဂ္ဂနီကျုဒ့် ၇.၈ အဆင့်ရှိတဲ့ အဆိုပါ ငလျင်ကြောင့်အဆောက်အအုံတွေ ပြိုကျတာ၊ မြေပြိုတာတွေ ဖြစ်ပွားခဲ့သလို တောင်ပိုင်းကျွန်းစုရဲ့ နေရာအနှံ့အပြားမှာ ဆူနာမီ သတိပေးချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အသက် ၃၉ နှစ်အရွယ် ဂျိုအီ ဒီလူဗီယိုဟာ ဂျင်နရယ်ဆန်းတို့စ်မြို့က စူပါမားကတ်တခုရဲ့ ဝန်ထမ်းနှစ်ဦးထဲကတဦးဖြစ်ပြီး ကယ်ဆယ်ရေးသမားတွေကတော့ နောက်ဆက်တွဲငလျင်တွေ ဖြစ်နိုင်ခြေရှိနေတဲ့ကြားကပဲ အဆိုပါ စူပါမားကတ်မှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို အဓိက အာရုံစိုက်လုပ်ဆောင်နေခဲ့တာပါ။
ကယ်ဆယ်ရေးလုပ်ငန်းစစချင်းမှာ အသက်ရှင်သူတွေကို ရှာဖွေတဲ့စက်နဲ့ စမ်းသပ်ချက်အရ ခပ်ပျော့ပျော့ သွေးခုန်နှုန်းတခုကို တွေ့ခဲ့ရတယ်လို့ ဒေသခံကယ်ဆယ်ရေးသမား မီချဲလ် ချူအာက ဗုဒ္ဓဟူးနေ့မှာ AFP သတင်းဌာနကို ပြောပါတယ်။
ဒါပေမဲ့လည်း “ရုပ်အလောင်းဆီကို ရောက်သွားတဲ့အချိန်မှာတော့ အသက်ရှင်နေတဲ့ အရိပ်အယောင် လုံးဝမတွေ့ရတော့ဘူး”လို့ သူက ဆိုပါတယ်။ ဒီလူဗီယိုရဲ့ ရုပ်အလောင်းကို ထုတ်တန်းနှစ်ခုကြားထဲမှာ ညပ်နေလျက်သား တွေ့ခဲ့ရတာလို့လည်း ချူအာကထပ်လောင်းပြောကြားခဲ့ပါတယ်။
အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာအေဂျင်စီက ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူအရေအတွက် ၄၅ ဦးရှိပြီလို့တိုးမြှင့်ထုတ်ပြန်ခဲ့ပြီး ပျောက်ဆုံးနေသူ အရေအတွက်ကတော့ ၄ ဦးကနေ ၁၇ ဦးအထိ ရုတ်တရက် အများကြီး မြင့်တက်သွားပါတယ်။
ဒါပေမဲ့ အဆိုပါ သေဆုံးသူစာရင်းထဲမှာ အခုနောက်ဆုံးတွေ့တဲ့ ဒီလူဗီယို မပါဝင်သေးဘူးလို့ ပြည်သူ့ကာကွယ်ရေးရုံးက အတည်ပြုပြောကြားထားပါတယ်။
ထပ်တိုးလာတဲ့ သေဆုံးသူအများစုဟာ ဒါဗာအို အိုဆီဒန်တယ် ပြည်နယ်ကဖြစ်ပြီး သူတို့ထဲက အများစုဟာ မြေပြိုတာနဲ့ အဆောက်အအုံတွေ ပြိုကျတာကြောင့် သေဆုံးခဲ့ကြတာလို့ ပြည်သူ့ကာကွယ်ရေးအရာရှိ ရာဖေးလ်လီတို အလက်ဟန်ဒရိုက ရေဒီယိုအင်တာဗျူးတခုမှာ ပြောကြားသွားပါတယ်။
Ref – AFP