မြေပုံအမှတ်သားများထံမှ သတင်းပေးပို့ချက်

၁။ ရိုးမတောင်ကြောနှစ်ခုကြားက မုန်းလွင်ပြင်
၁၆၀၇၂၂

တကယ့်မြေပြင်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိဘဲ၊ လိုင်းပေါ်က မြင်ကြားသိရသမျှ သတင်းတွေ ဖတ်ရ ရုံနဲ့ လက်တွေ့အခြေအနေကို မှန်မှန်ကန်ကန် အကဲဖြတ်နိုင်ကြဖို့ ခက်ပါလိမ့်မယ်။ ကျနော်ကတော့ အဲဒီလို ယုံကြည်တယ်။ ဒီယုံကြည်မှုကို မုန်းလွင်ပြင်က တစ်ခါ သက်သေပြပြန်တယ်။ လိုင်းပေါ်တက် လာတဲ့သတင်းတွေဆိုတာ တကယ့်အဖြစ်အပျက် အားလုံးအပြည့်အစုံမဟုတ်ဘူး။ ပြောလာနေတဲ့ ပါးစပ်တွေဆီက အသံကိုပဲ နားထောင်နေကြရတာ။ မပြောဖြစ်ဘဲ ရေငုံနေတဲ့ပါးစပ်တွေ၊ ပြောခွင့်မသာ သူတွေဆီက အချက်အလက်ရတာမဟုတ်လေတော့ ကျွန်တော်တို့မှာ ဆင်စမ်းနေကြရတော့တာပါပဲ။

မုန်းလွင်ပြင်ဟာ ပဲခူးရိုးမနဲ့ အရှေ့ရိုးမကြား၊ တောင်ငူရဲ့ တောင်ဘက်နဲ့ ဒိုက်ဦးရဲ့ မြောက်ဘက် မှာရှိတဲ့ လွင်ပြင်ပါပဲ၊ KNU တပ်မဟာ၃ စိုးမိုးရာဒေသပေါ့။ ရန်ကုန်- နေပြည်တော် အဝေးပြေးလမ်းမ ကြီးပေါ်က ကျွန်တော်တို့ ခရီးတစ်ထောက်နားနေကျ ၁၁၅ မိုင်ရဲ့ အရှေ့ဘက် ၁၆မိုင် (အဖြောင့်တိုင်း) လောက်သာကွာပါတယ်။ ဖြူးအရှေ့ဘက်နားလေးပေါ့။

ခုဖေါ်ပြထားတဲ့မြေပုံမှာ ထင်ရှားတဲ့မြို့တွေ၊ ညောင်လေးပင်၊ ကညွတ်ကွင်း၊ ဖြူး၊ အုတ်တွင်း (သူ့မြောက်ဘက် ဆယ်မိုင်လောက်တက်သွားရင် တောင်ငူ)နဲ့၊ မော်ချီးကို အဖြူရောင်စက်ဝန်းနဲ့ ဖော်ပြ ထားပါတယ်။ မုန်းဒေသဟာ အဲ့ဒီနေရာတွေရဲ့ ဗဟိုမှာ ရောက်နေတာတွေ့ရပါ့မယ်။ အစိမ်းရောင် စက်ဝိုင်းကတော့ နာမည်ကျော် ကျောက်ကြီးပေါ့။

ဒီနေရာတွေဟာ အရင်ကတည်းက သူဝင်ကိုယ်ထွက်နဲ့ မထိခလုတ် ထိခလုတ် မကြာခဏ တိုက်ပွဲဖြစ်နေကျ နေရာတွေပါ။

ဇူလိုင်လ၂ရက် ၂၀၂၂ မှာ တော့၊ စစ်ကောင်စီရဲ့ စခန်းတွေ ဖြစ်ကြတဲ့၊ ကြောင်ပြာစခန်း၊ အောင်းလောင်းစိန်စခန်း၊ ကျွန်းပင်ဆိပ်စခန်း၊ ကော့ပြင်းစခန်း နှင့် ကျောင်းစုစခန်းတွေကို KNLA က တစ်ပြိုင်နက်တည်း တိုက်ခိုက်သိမ်းယူခဲ့ပါတော့တယ်။ စခန်းသေးသေးလေးတွေပါ။ မြေပုံပေါ်မှာ ကိုဩဒိနိတ်ရှာမတွေ့တဲ့ ကျောင်းစုစခန်းကလွဲရင် အလံထောင်ထားတဲ့ အနက်ရောင်ခံတပ်အမှတ်သား တွေနဲ့ သိမ်းယူခဲ့တဲ့ စခန်း လေးနေရာဖော်ပြထားပါတယ်။ စခန်းသိမ်းတယ်ဆိုတာကလည်း သိမ်းပြီး တက်ထိုင်နေတာမဟုတ်ဘဲ၊ သိမ်းပြပြီးပြန်ဆုတ်လာတာ ဖြစ်မယ်ထင်ပါတယ်။ ခုချိန်မှာ မူလ လူတွေ သူ့စခန်းသူပြန်ထိုင်နေလောက် ပြီလား မပြောတတ်ပါ။ တကယ်တော့ ၁၂၀၅၂၂ လောက်မှာ သဲကုန်း ရွာနဲ့ ငဗျက်အင်းရွာအကြား၊ စကစ ဒုတပ်ရင်းမှူးနှင့် တပ်ခွဲမှူးအပါအဝင် (၃)ဦးသေဆုံးပြီး (၂)ဦး ဒဏ်ရာ တဲ့ တိုက်ပွဲနောက်ပိုင်း အဲ့ဒီဒေသမှာ တင်းမှာမှုတွေ စတင်တာပါ။ ဇွန်လ ၂၆ / ၂၇ မှာ ထိတွေ့မှုတွေ ထပ်ဖြစ်ပြီးတဲ့နောက် စစ်တပ်တပ်စခန်းတွေက လက်နက်ကြီးတွေနဲ့ ရွာတွေကို လှမ်းလှမ်းပစ်တော့ အနီရောင်စက်ဝိုင်းထဲက ရွာတွေဟာ စစ်ပြေးတွေ ဖြစ်ကြရပါတယ်။ ပြေးကြရတဲ့ ရွာတော်တော်များ ပါတယ်။ ရွာနေရာအမှတ်အသားတွေကို လူအရုပ်ကလေးတွေနဲ့ပြထားပါတယ်။ အဲဒီရက်တွေက စစ်ပြေးရတဲ့ ပြည်သူ လေးသောင်းကျော်ရှိတယ်လို့ ဆိုပါတယ်။ ဒေသခံပြည်သူတွေ ကမ္ဘာပျက်နေတဲ့ အခိုက်တန့်ဖြစ်ပါလိမ့်မယ်။

ဒီထဲမှာ အစိမ်းရောင်နဲ့ ရေးထားတဲ့ ရွာနာမည်တွေကတော့ KNU က ဖွင့်ပေးထားတဲ့စာသင် ကျောင်းတွေပါ။ သူတို့လည်း ကျောင်းပိတ်ပြေးရပါတယ်။ စာသင်ကျောင်းဖွင့်ထားနိုင်တယ်ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ရေးရှိထားတယ်ဆိုတဲ့ သင်္ကေတပါ။ ဒါပေမဲ့ တကယ်တိုက်ရင်တော့ တကယ်ပြေးကြ ရပါတယ်။ စခန်းဝင်သိမ်းတဲ့အခါ အသိမ်းခံရသူတွေ ပြေးရသလို မတန်တဆ လက်နက်ကြီးတွေနဲ့ မနားမနေပစ်ရင်လည်း လက်နက်မဲ့အပစ်ခံရသူတွေ ပြေးကြရတာပါပဲ။

အနီရောင်ဧရိယာအောက်ဖက်ကပ်လျက် အဝါရောင်ဧရိယာကတော့ ခမရ-၂၀၊ ခမရ-၁၂၄၊ ခမရ -၄၃၉၊ ခမရ-၃၅၀ ပူးပေါင်းတပ်တို့က ၂၄၀၆၂၂ မှာ နှင်ထုတ်ခြင်းခံရတဲ့ ကျေးရွာအုပ်စုသုံးစု (ဒလဆိပ် ကျေးရွာအုပ်စု၊ ဟင်္သာဝဲကျေးရွာအုပ်စုနှင့် ထိုးဝါးစိုက်ကျေးရွာအုပ်စု)က ရွာပေါင်း ၁၅ ရွာ ဖြစ်ပါတယ်။ အိမ်ခြေ ၁၅၅၁ အိမ်နဲ့ လူဦးရေ ၈၂၃၀ ရှိတယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။
အဲဒါတွေ ဖတ်မိ၊ ကြားမိပြီးတဲ့အခါမှာတော့ မုန်းဒေသဟာ ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကြီးလို ဒုက္ခပင်လယ်ဝေနေကြပြီပဲလို့ မှတ်ချက်ချမိပါတယ်။

ဒါပေမဲ့ ၁ ဇူလိုင် ၂၀၂၂နေ့စွဲနဲ့ ကေအဲန်ယူ-ဗဟိုရဲ့ ထုတ်ပြန်ချက်ကို ဒီလို ဖတ်ရပါတယ်။ ဇူလိုင် ၁ ရက်နေ့တွင် ကျရောက်သည့် (Kawthoolei Tree Plantation Day) ကော်သူးလေ သစ်ပင် စိုက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင် မူး(မုန်း)မြို့နယ်၊ ဆောထိ( ရွှေကျင်) မြို့နယ်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်တို့မှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ ကျောင်း သားများ၊ ပြည်သူလူထုများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ သစ်ပင်ပေါင်း( ၂၀၀၀) ကျော်ကို စိုက်ပျိုးခဲ့သည်။

မူး(မုန်း)မြို့နယ်တွင် မြို့နယ်သစ်တောဌာနမှ ဦးဆောင်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၊ ပြည်သူလူထုနှင့် ကျောင်းသားကျောင်းသူများမှ ကျွန်းသစ် အပင်ပေါင်း ( ၁၂၀၀ )ကျော်ကို မုန်းပြဒါးသစ်တော ကြိုးဝိုင်းအတွင်း ကမ္ဘာမြေကြီးနှင့် ပတ်ဝန်းကျင် သာယာလှပစေရန် အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်အေးမြလှပသည့် အနာဂတ် ဝန်းကျင်တစ်ခု ဖြစ်ပေါ်စေရန် ရည် ရွယ်၍ စိုက်ပျိုးခဲ့သည်…တဲ့။

စစ်တွေဖြစ်၊ လက်နက်ကြီးတွေမနားတမ်းပစ်၊ လေယဉ်နဲ့တိုက်လို့ ကမ္ဘာပျက်သလို ပြေးလွှား နေရတဲ့ကြားက တည်တည်ငြိမ်ငြိမ်သစ်ပင်စိုက်ပွဲကျင်းပနေနိုင်တဲ့ အဲဒီဒေသရဲ့ အခြေအနေကို တကယ်ပဲ ပြည့်ပြည့်စုံစုံ ကျွန်တော် နားမလည်နိုင်ခဲ့တော့ပါ။ ကျင်းပနေတာကလည်း အဆောက်အအုံ ကြီးတစ်ခုထဲမှာ လူစည်စည်နဲ့ အေးအေးသာသာပွဲလုပ်နေတာ။ ဓာတ်ပုံတွေမြင်ရပါတယ်။ ဘေးကင်း လုံခြုံတဲ့ကိုယ့်အိမ်ကိုယ့်ယာမှာ သာသာယာယာ ပွဲလုပ်နေကြတာမျိုး။

တစ်ဖက်မှာ တိုက်ပွဲတွေလည်း တဝုန်းဝုန်းတဒိုင်းဒိုင်းဖြစ်နေတယ်။ တစ်ဖက်က လော်နဲ့ သီချင်း တွေ ဖွင့်ပြီး ပွဲတော်တွေလည်းကျင်းပနေတယ်။ ဒါဆို မုန်းဒေသကို တကယ်တန်းစိုးမိုးထားတာက ဘယ်သူတွေလဲ။ မုန်းဆိုတဲ့ဒေသဟာ နင်ဝင်ငါထွက်၊ နင်သွားငါနေဒေသများလား။ တကယ်တော့ ဒီဘဒ္ဒကမ္ဘာမှာ ကျွန်တော်တို့ လိုက်မမီ နားမလည်နိုင်တာ အများကြီးရယ်။ မုန်းဒေသနှင့်တကွ အမိနိုင်ငံ အေးချမ်းပါစေ။

၂။ နွေဦးရာသီရဲ့ ဇာတ်ကောင်၊ မြို့များ၊ ရွာများ၊ မြစ်ချောင်းတောင်တန်းများ
၁၇၀၇၂၂

မှတ်မိသေးတယ်။ ကျွန်တော် နွေဦးရာသီမြင်ကွင်းများ(၁)ကိုစရေးခဲ့မိတာ၊ ၂၀၂၁ ဧပြီလ ၂၅ ရက်နေ့။ ၂၀၂၁ မတ်လ၂၅ရက်နေ့မှာ သူတို့နှစ်သုံးဆယ်ကျော်စွန့်လွှတ်ထားခဲ့ရတဲ့ အလောဘွမ်တောင် ကို ကေအိုင်အေပြန်သိမ်းထားလို့ ဧပြီလ၂၅ရက်နေ့မှာ လေယဉ်နဲ့ ဗုံးအကြီးအကျယ်ကြဲချ၊ လက်နက် ကြီး မိုးရွာပြီး ပြန်သိမ်းယူဖို့ ကြိုးစားခဲ့တဲ့နေ့ပေါ့။ (ခုချိန်ထိလည်း အဲ့ဒီစခန်းကို ပြန်သိမ်းယူနိုင်ခဲ့ပြီဆိုတဲ့ မှတ်တမ်းမတွေ့ရသေးပါ။)

မြို့ရွာ၊ ဘာအမှတ်အသားမှ မပါ၊ ပြောင်သလင်းခါထားတဲ့ ကျွန်တော့်ရဲ့ Google Earth ထဲမှာ အဲ့ဒီနေရာတွေကို ပြန်ပွိုင့်တင်ခဲ့၊ မှတ်တမ်းပြုခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျန်တဲ့တစ်ခွင်တစ်ပြင်လုံးက တော့ ပလိန်းကြီးပေါ့။ ကျွန်တော့်မှတ်တမ်းစာစုရဲ့ ပထမဆုံး အစို့အညောင့်မွေးဖွားခြင်းဟာ အလော့ဘွမ်ပဲ။

ဧပြီလ၂ရက်မှာတော့ ရွာကိုဝင်စီးပြီး မြန်မာပြည်အလယ်ပိုင်းရဲ့ စစ်မီးကို စမွှေးတယ်ခေါ်ရမဲ့ ပွိုင့်၊ သပြေအေးရွာလေးကို မှတ်တမ်းတင်ပါတယ်။ ရွာက ပိစိလေးပါ။ အဲ့ဒီကနေ ယင်းမာပင်ထကြွမှု ကြီး၊ မုံရွာ၊ ယာကြီး၊ ကလေး ကားလမ်းမပေါ်က တိုက်ပွဲတွေအဖြစ် ရွာစဉ်ရွာဆက်ပါဝင်လာခဲ့ပါတော့ တယ်။ ကနီမင်းကင်းဘက်မှာတော့ လှုပ်ရှားမှုသိပ်မတွေ့ရသေးပေမဲ့ အားစုနေတဲ့ကာလဖြစ်ပါလိမ့်မယ်။

အဲဒီနောက် ကလေးမြို့ရဲ့ နာမည်ကျော်ခံတပ်ကြီးဖြစ်တဲ့၊ တာဟန်းခံတပ်ကို မှတ်တမ်းတင်ရပါတယ်။

ဧပြီလ၂၄ရက်မှာ အဖမ်းခံရတဲ့ ဆန္ဒပြလူငယ် ၆ ဦးကို အစပြုလို့ ၂၆ ရက်မှာ ဗမာပြည်ရဲ့ တူမီး စစ်သည်တွေကို ချင်းတောင်တန်းပေါ်မှာ မွေးဖွားလိုက်ပါတယ်။ မင်းတပ်ဟာလည်း တင်ရတဲ့ပွိုင့် ဖြစ် လာခဲ့ပါတော့တယ်။

ဧပြီလ၂၈ ရက်မှာ ဒီမှတ်တမ်းလေးရေးပြီး နောက်ထပ်ပွိုင့်တွေ တင်ရပါတယ်။ တစ်မနက် စောစောမှာ KNLA တပ်မဟာ ၅ က သံလွင်မြစ်ကမ်းနဖူးမှာရှိတဲ့ ခြေမြန်တပ်ရင်း ၃၄၀ရဲ့ သော်လယ်ထာ့ စခန်းကို ဝင်တိုက်တာ၊ တစ်နာရီအတွင်းသိမ်းလိုက်နိုင်တယ်။ မနက် ၆ နာရီ မှာ စခန်းသိမ်းပွဲပြီးတယ်။

အဲဒီနောက် ကချင်ဘက်မှာ ပွဲသေးပွဲကြီးတွေ စိတ်လာတော့ အမှတ်ပွိုင့်တွေက အဲ့ဒီဘက်ပိုများ လာခဲ့တယ်။ လီဒိုလမ်းမ ဘယ်ညာက ရွာ၊ ချောင်း၊ တောင်ကုန်းတွေ၊ ဖားကန့်ခွင်၊ မိုးကောင်းမိုးညှင်းခွင်၊ မိုးမိတ်အရှေ့ဘက်ရေပုံး၊ မိုးမောက်ခွင်၊ ရွှေဂူခွင် စသဖြင့်ပေါ့။

မေလထဲမှာတော့ ကယားပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနေပါပြီ၊ သတင်းတက်လာတဲ့ နေရာတွေကို လိုက်မှတ်နေရတာနဲ့တင် လွိုင်ကော်၊ ဒီမော့ဆိုဝန်းကျန်ဟာလည်း အမှတ်ပွိုင့်တွေနဲ့ ပွထလာခဲ့ပါပြီ။

မေလနှောင်းမှာတော့ ကနီ၊ မြိုင်တွေက သေနတ်သံတွေစ ကြားနေရပါပြီ။ ချင်းတွင်းမြစ် ကြောင်း တိုက်ပွဲစတယ်လို့ ယူဆတဲ့ မှတ်စုတိုတစ်ခု ကို ခုလိုပြန်တွေ့ရပါတယ်။

(မေလ ၆ ရက်နေ့ ကတော့ ကနီအနီးက ကင်းရွာအနီး မြစ်ထဲမှာ စစ်တပ်အစောင့်နဲ့ ယမ်းတင် ဆောင်လာတဲ့ သင်္ဘောကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်မှု နောက်ဆုံးဖြစ်ခဲ့ တာပါ။”)

အဲဒီကာလပိုင်းလေးမှာ ပုလဲနဲ့ပေါက်ဘက်မှာ ထင်ထင်ရှားရှား လှုပ်ရှားမှုတွေ မရှိသေးတော့ မြေပုံမှာ ငြိမ်သက်နေတာပေါ့။ တကယ်တမ်းက ငြိမ်သက်နေတာမဟုတ်ပါဘူး။ သူတို့ လေ့ကျင့်ပြင် ဆင်နေကြချိန် ဖြစ်ပါလိမ့်မယ်။ ဘယ်မှာသွားသိလိုက်ရတုန်းဆိုတော့ ဖတ်မြင်သိကြားရတဲ့ သတင်း အချက်အလက်တွေပေါ်မှာပဲ ကောက်ချက်ချရေးသားနေတုန်း ပို့စ်တစ်ခုမှာ ကျွန်တော်ရေးနေတဲ့ နေရာ တွေဟာ မြေပြင်မှာ တကယ် သူတို့လှုပ်ရှားခိုလှုံနေတဲ့ ရွာတွေ နေရာတွေ ဖြစ်နေလို့ ပို့စ်ဖျက်ပေးပါ တောင်းဆိုလာပါတယ်။ ကျွန်တော် ဖျက်ပေးလိုက်ပါတယ်။ သိပ်မကြာခင် လပိုင်းတွေမှာတော့ မုံရွာ၊ ဂန့်ဂေါလမ်းမကြီးဟာ မိုင်းတဂျိုင်းဂျိုင်း၊ သေနတ်သံတဒိုင်းဒိုင်းဖြစ်လာခဲ့ပါတော့တယ်။ ရေး၊ ထားဝယ် တို့ ပုလောတို့ဘက်မှာတော့ အားစုတုန်းမို့ သတင်းသန့်သန့်သာ ကြားရသေးပေမဲ့ နောက်ပိုင်းမှာတော့ စိတ်စိတ်လိုက်မှတ်နေရပါပြီ။

အခုမြင်ကြည့်နေကြရတဲ့ မြေပုံပေါ်မှာ ပြည့်သိပ်နေတဲ့ အမှတ်အသားတွေ မြင်ကြရပါလိမ့် မယ်။ အဲဒီအမှတ်အသား တစ်ခုစီတိုင်းဟာ နွေဦးရာသီနဲ့ တနည်းတဖုံပတ်သက်နေတဲ့ နေရာတွေချည်း ပါပဲ။ နေ့စဉ်နဲ့အမျှ ထွက်ပေါ်လာတဲ့ သတင်းတွေပေါ်မှာ မှတ်တမ်းယူထားတာပါပဲ။ တိုက်ပွဲဖြစ်တဲ့ နေရာတွေ၊ မိုင်းခွဲခဲ့တဲ့ နေရာတွေ၊ ချိုးခဲ့တဲ့ တံတားတွေ၊ လူသတ်ခံရတာတွေ။ စစ်ပြေးနေရတဲ့ရွာတွေ စသဖြင့် ပါဝင်ပါတယ်။ တစ်ချို့ကတော့ ဘယ်ရွာနဲ့ ဘယ်ရွာကြားမှာ မိုင်းခွဲတယ်လို့ သတင်းရေးတော့၊ ရွာနှစ်ရွာကို ပွိုင့်တင်ပြီး အဲ့ဒီရွာကြားမှာ မိုင်းကွဲမယ့်နေရာ (ခန့်မှန်း)ကို ထပ်တင်ရပါတယ်။ ဒီတော့ ပွိုင့် တွေ ပိုများလာခဲ့ရတော့မယ်။ ပုံပေါ်မှာ ကြည့်ခဲ့ရင်တောင် ကျွန်တော်တို့ နေရာဒေသ ဘယ်လောက် များများ၊ ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် နွေဦးရဲ့ထိရိုက်ခံရမှုရှိနေသလဲ မြင်သာပါတယ်။

ဒီနေရာမှာ ရှမ်းမြောက်ဘက်က အမှတ်အသားတွေကတော့ ရှမ်းတပ်အချင်းချင်း တိုက်ခိုက် ခဲ့တဲ့ တိုက်ပွဲတွေများပါတယ်။ သံလွင်အရှေ့ခြမ်းတစ်ခုလုံးကတော့ အေးချမ်းငြိမ်သက်လျက်ပါပဲ။

ပုံကို အသေချာကြည့်ရင် အပေါ်ပိုင်းမှာ မြစ်ကြီးနား – ပူတာအိုလမ်းမပေါ်ကလွဲပြီး၊ ဘယ်ညာ မှာ အမှတ်သားတွေမရှိပါ။ ရွာလည်း နည်းပါးလှပြီး တောတောင်တွေချည်းဖြစ်နေလို့ပါပဲ။

အဲသလိုပဲ နာဂတောင်တန်း၊ လဟယ်ဒေသမှာလည်း တိုက်ပွဲမရှိပါ။ ၁၀၀၄၂၂ က မိုင်းနောင်မှာ ရှမ်းနီစခန်းကို ဆက်ကြေးကိစ္စနဲ့ပတ်သက်ပြီးစကစ ဝင်တိုက်တာတစ်ခုပဲ တွေ့ပါတယ်။ ဒါတောင် ရှမ်းနီတွေဟာ စကစ နောက်ခံနဲ့အဖွဲ့ဖြစ်တယ်၊ ကေအိုင်အေကြီးထွားလာမှာစိုးလို့ စကစ ကဖွဲ့ပေး ထားတာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ရခိုင်ဘက်မှာ အမှတ်သားတွေစိတ်နေတာက တိုက်ပွဲတွေအပြင် သတင်းတွေထဲက ရတာတွေ တင်ထားလို့ပါ။ ဆရာဝန်လင်မယားက နာ့စ်ကို ပါးရိုက်ခဲ့တဲ့ရွာတွေကနေ၊ သင်္ကြန်ရေကစားတာကို အေအေက အစောင့်ရှောက်ပေးခဲ့တဲ့နေရာ၊ ရေတပ်တော်ပီတိုကြီး ရေမျောကမ်းတင်ခဲ့တဲ့ရွာအလယ် ကောက်လှိုင်းတွေ မီးရှို့ခံထားရတဲ့ရွာတွေအထိပါဝင်နေပါတယ်။ (ဒီအမှုကလည်း ထူးပါတယ်။ သိန်း ငါးဆယ်ကျပ်ပေးပြီး အဆင့်ဆင့်မီးရှို့ခိုင်းတာ၊ နောက်ဆုံးမီးရှို့သူက စပါးတင်း၂၀၀နဲ့ စျေးတည့်ပြီး ရှို့ခဲ့ပါတယ်။ ကျန်တဲ့ငွေတွေကတော့ အလည်လူတွေစားသွားတာပေါ့၊ ဒီနေရာမှာ စရှို့ခိုင်းတဲ့လူကနေ ရှို့တဲ့လူအဆုံး အားလုံးက မွတ်ဆလင်တွေပဲဖြစ်နေပြီး၊ အရှို့ခံရသူတွေကလည်း မွတ်ဆင်တွေ ဖြစ်နေ ပါတယ်။)

ဒီမနက် ၁၄/ တွေအများစုပါဝင်တဲ့ ပီဒီအက်လေးတွေရဲ့ ဗီဒီယိုကလစ်တစ်ခု ကြည့်ရပါတယ်။ ၁၄/ တွေ ငြိမ်သက်နေတယ်လို့ ဝိုင်းလှော်ကြလို့ သူတို့အလုပ်လုပ်နေကြောင်း ပြောချင်တာထင်ပါရဲ့။ တကယ်က ဧရာဝတီတိုင်းလည်း တုတ်တုတ်မလှုပ်တာ မဟုတ်ပါဘူး။ မြို့ပေါ်မှာ တတ်နိုင်သလောက် လှုပ်ရှားနေကြတဲ့ သတင်းတွေဖတ်ရ ကြားနေရပါတယ်။ ကျုံပျော်နားက လှေဆွဲ ဆိုတဲ့ရွာကလေးမှာ ၀၅၀၆၂၁ နေ့က ပြည်သူ ၁၇ဦးသေဆုံးပြီး ၉ဦးဒဏ်ရာရတဲ့အထိ သေနတ်နဲ့ ဓား တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာ ပါ။ အတော်စောပါတယ်။

လူတွေ အပန်းဖြေသွားဖို့ သဘောကျတဲ့ ဂေါ်ရင်ဂျီကျွန်းနားက ငရုတ်ကောင်းဆိုတဲ့ ရွာလေးနား က သဲဖြူ၊ သရက်ကုန်း၊ သံပတ်ကွင်း၊ သစ်ရောင်းဆိုတဲ့ရွာကလေးတွေကို ပီဒီအက်ဖ်သင်တန်းပေးနေ တာ ရှိတယ်ဆိုပြီး ခဏခဏ ဝင်မွှေခံနေရတာမျိုး ဖတ်ရပါတယ်။ ကန်ကြီးဒေါင့်မြို့အပိုင်၊ စောဘဦး ဇာတိရွာ ဘဲဂရက်နားက မဂကျွန်း PDF စခန်းကို ဝင်စီးခံရတဲ့သတင်းမျိုးတွေ့ရပါတယ်။ ၂၆၀၉၂၁၊ ငပုတော မှာ PDF ဆိုပြီး ၁၂ယောက် အဖမ်းခံကြရတဲ့ သတင်းမျိုးရှိပါတယ်။ အဲ့တော့ ၁၄/ တွေလည်း ငြိမ်မနေလှဘူးလို့ သိနိုင်ကြမှာပါ။

ရခိုင်ရိုးမ၊ ပဲခူးရိုးမ၊ အရှေ့ရိုးမတွေပေါ်မှာ လူနေအိမ်ခြေပါးလို့ အမှတ်အသားကွက်လပ်ကြီး ဖြစ်နေပေမဲ့ တောင်ခြေတိုင်းမှာတော့ လှုပ်ရှားမှု၊ ထိတွေ့မှုတွေရှိနေတာကို သတင်းတွေက ဖော်ပြနေ ပါတယ်။ နောက်မှ မြေပုံလေးနဲ့ ပြပါဦးမယ်။

ဘာပဲပြောပြော ကွက်ပြည့်နင်းတာမျိုးမဟုတ်ရင်တောင်၊ ရာခိုင်နှုန်းအတော်များများ လှုပ်ရှား နေတဲ့ မီးတောင်ကြီး ဖြစ်တယ်ဆိုတာကို ဒီပုံက ပြောပြနိုင်ပါလိမ့်မယ်။

၃။ သာဂရသို့ လှမ်းမျှော်ကြည့်ခြင်း
၁၉၀၇၂၂

(သာဂရ) ဆိုတာ ထားဝယ်မြို့ဟောင်းနာမည်ပါ။ အဲ့ဒီမြို့ကို AD(751-761) မှာတည်ခဲ့ပါတယ်။ ဒါ့ကြောင့် ပုဂံမြို့ထက် နှစ်ပေါင်း ၉၈ နှစ် စောတည်ရှိခဲ့ကြောင်းပြောနိုင်ပါတယ်။ ပြောချင်တာက နှစ်ထောင်ချီ ဒီရေဒီမြေမှာ တည်ရှိခဲ့တဲ့မြို့နဲ့ လူမျိုးရဲ့ သမိုင်းသက်ရှည်မှုပါ။ နှစ်ထောင်ချီ ကာလရှည် ကြီးတစ်လျှောက် နိမ့်မြင့် တက်ကျ လောကဓံအမျိုးမျိုးနဲ့ ထုသားပေသားကျနေတဲ့ မြို့သားတွေ ဖြစ်ခဲ့ ကြပါရဲ့။ သူတို့ဖြတ်သန်းခဲ့တဲ့နှစ်ကာလများမှာ ဘယ်ထိ ခရီးရောက်နေပြီလဲလို့ လှမ်းမျှော်ကြည့်တဲ့အခါ ၂၀၂၁ နွေဦးရာသီက စလို့ ခုလိုမြင်တွေ့ရပါတယ်။

နွေဦးတော်လှန်ရေး အစ သပိတ်စစ်ကြောင်းတွေမှာ ထားဝယ်ဟာ အားကောင်းမောင်းသန် ပါဝင်ခဲ့ပါတယ်။ နွေဦးမုန်တိုင်းကို အရှိန်ပြင်းပြင်း တိုက်ခတ်ခဲ့ပါတယ်။ အသတ်ခံရ၊ အဖမ်းခံရမှုများစွာ ထဲမှာ ဆိုင်ကယ်စီးလာတဲ့ ကလေးနှစ်ယောက်ကို ပစ်သတ်ပြီး၊ ဆိုင်ကယ်မှောက်တဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့ ကြောင်း ဆေးစာထွက်လာခဲ့တာ ကမ္ဘာကျော်ခဲ့ပါတယ်။ လက်နက်မဲ့ဆန္ဒပြသူကို သေနတ်နဲ့ပစ်ပြီး မှန် သွားတဲ့အခါ ဝမ်းသာအားရ အော်ဟစ်နေကြတဲ့ ဗီဒီယိုကလစ်လေးဟာလည်း လူတွေအားလုံး အံ့ဩ မင်သက်မိသွားစေတဲ့ သက်သေဖြစ်ခဲ့ပါတယ်။

အဲဒီနောက် သူတို့ ဘာဆက်လုပ်ကြသလဲလို့ သတင်းတွေကို ဆက်ဖတ်တဲ့အခါ…..၊ ပြောင်းလဲ လာတဲ့ အခြေအနေအရ တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အရှိန်ကျ ငြိမ်သက်သွားသည့်တိုင်၊ ဖားကန့်နဲ့ အညာဒေသလိုပဲ၊ ထားဝယ်ခရိုင်ထဲက လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်မှာလည်း ရသလောက်လေး အဆက်မပြတ် ဆန္ဒပြနေကြတာ တွေ့ရပါတယ်။

ပြီးတော့ ဆိုနေကျသီချင်း၊ ကြားနေကျသတင်းအတိုင်း ဖေါ်မြူလာဝင်သွားတော့တာပါပဲ။ လက်နက်ကိုင် တော်လှန်ရေးဆီ ရောက်သွားကြရတာပါပဲ။ အစောပိုင်းကာလတွေမှာတော့ တော်လှန် သူတွေဟာ၊ KNU တပ်မဟာ၄ နယ်မြေနဲ့ ထားဝယ်မြို့ကြားက နယ်မြေ၊ မြေးခန္တီ၊ ဟာမြင်းကြီး၊ သစ်ကတိုး၊ ထန်းတလုံးဘက်မှာ နေကြထင်ပါရဲ့။ အဲ့ဒီဘက်မှာ လှုပ်ရှားသံသဲ့သဲ့ ကြားရတယ်။ လှုပ်ရှား မှုအဖြစ်တော့ ၀၃၁၁၂၁မှာ မိုင်းခွဲတာ အစောဆုံးတွေ့ရတာပဲ။ သူ့ထက်စောတာက ၀၅၁၀၂၁ နေ့က စော်ဖျားဘက်မှာ ပျူတွေနဲ့ ဖြစ်တဲ့ပွဲပဲ။ အဲဒီဘက်မှာ ၁၀၁၀၂၁ စကစ ၂ ဦးထွက်ပြေး၊ ၀၇၀၁၂၂ တိုက်ပွဲ ဖြစ်၊ ဆိုတဲ့ မှတ်တမ်းလေးတွေ့ရတယ်။

အဲဒီနောက်တော့ ထားဝယ်ကနေ ထီးခီးသွားတဲ့လမ်းပေါ်မှာဖြစ်တဲ့ပွဲတွေများလာတယ်။ သဗျာ၊ မဲချောင်း၊ ပကာရီ၊ ပခပ်၊ သင်္ဃန်းတုန်း၊ ဝကုန်းလို့ မှတ်ထားမိတယ်။ ထားဝယ်နဲ့ အနီးဆုံးပွဲဖြစ်တာက တော့ သဗျာပဲ။ လေးငါးမိုင်ပဲ ဝေးမယ်ထင်တယ်။ ကျွန်တော်က KNU တပ်မဟာ ၄ နယ်မြေ ထီးခီး အထိ ရောက်ဖူးတော့ အဲ့ဒီဘက်မှာ သူတို့ပဲရှိမယ်၊ တိုက်မယ်ထင်တာ၊ သတင်းတွေမှာ KNDO ဆိုပြီး ပါလာတယ်။ KNDO တပ်မှူးတစ်ယောက် ဒေသခံတော်လှန်ရေးသမားတွေကို အားပေးစကားပြော နေတဲ့ ဗီဒီယိုကလစ်လေးလည်း ကြည့်လိုက်ရတယ်။
၁၀၀၂၂၂ က နဘုလယ်ဘက်မှာ စကစနဲ့ ပြည်သူ့စစ် ၆ဦးကို ပစ်ခတ်ပြီး လက်နက် ၄ လက်သိမ်း ဆည်းရ၊ ၀၅၀၂၂၂ မှာ ပျူစောထီးကားကို မိုင်းခွဲပြီး လက်နက်ရဆိုတဲ့ သတင်းမျိုးတွေ ဖတ်ရသလို ၂၁၁၂၂၁ က ခေါင်တိုင်ပြင်ကို စစ်ကြောင်းထိုးလာလို့ PDF စခန်းတစ်ခု ကျတယ်ဆိုတဲ့ သတင်းမျိုး လည်း ဖတ်ရတယ်။ ၁၈/၁၉ ဇန်နဝါရီမှာ ခေါင်တိုင်ပြင်နားက မြင်းမတ်တပ်မှာ တိုက်ပွဲဖြစ်တာ တွေ့ရ တယ်။ ဇွန်လထဲမှာ(ထင်တယ်) လောင်းလုံးဘက်မှာလည်း PDF စခန်းတစ်ခုကျပြီး လက်နက်ခဲယမ်း တွေ ဆုံးရှုံးတယ်ဆိုတဲ့ သတင်းလည်းဖတ်ရတယ်။ အဲဒီမှာ ဆုံးရှုံးသွားတဲ့လက်နက်တွေက (သတင်း ဓာတ်ပုံအရ) လက်လုပ် သေနတ်တွေချည်းပဲ။ ပကာရီတိုက်ပွဲ ဗီဒီယိုကလစ်မှာလည်း လက်လုပ် သေနတ်နဲ့ တိုက်ပွဲဝင်နေတဲ့ ပုံတွေ့ရတယ်။

ထားဝယ်ဆိုတာ လက်နက်ရဖို့ လွယ်တဲ့ ထိုင်းနဲ့ နယ်ချင်းကပ်နေတာ။ မြို့ပေါ်ကနေ မိုင် ၆၀/ရ၀ လောက် သွားလိုက်ရင်ကို နယ်စပ်ရောက်နေပြီ။ အဲဒီနား နယ်မြေကလည်း KNU တပ်မဟာ၄နယ်မြေ။

ဒီလိုနေရာမျိုးမှာတောင် လူပြည့်မောင်းပြန်မကိုင်နိုင်တာ တော်လှန်သူတို့ရဲ့ ချို့တဲ့မှုကို မြင်ရတယ်။ အဓိကတော့ ငွေပဲ။ ရံပုံငွေမရှိရင် ဘာမှလုပ်လို့မရဘူး။ လက်နက်ဝင်ရာလမ်းကြောင်းဝေးတဲ့ အလယ် ပိုင်းနေရာတွေက လိုအပ်ချက်တွေဆို ပိုဆိုးမှာပေါ့။ ခြံစည်းရိုးကပ်နေတဲ့ နေရာတွေမှာတောင် လုံ လောက်အောင် မရှိသေးတာပဲ။

လောင်းလုံးဘက်ကတော့ သပိတ်တိုက်ပွဲတွေလုပ်နေသလို လှုပ်ရှားမှုတွေလည်းရှိတာ တွေ့ရ တယ်။ ၀၅၀၅၂၂ မှာ သကျက်တောရဲစခန်းကို ဝင်တိုက်တာရှိတယ်။ ဒလန်/ပျူသတ်မှုတွေတော့ မှတ်တမ်းတင်မနေတော့ဘူး။ များလို့။ ၂၁၁၁၂၁မှာလည်း ညင်းမော်ရွာနားမှာ စကစ ၆ဦးသေဆုံး ၊ စခန်းမှူးအပါ သုံးဦးဒဏ်ရာဖြစ်အောင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း ဖတ်ရတယ်။ အဲဒီတကြောက ပင်လယ်နဲ့ကပ်နေတဲ့ တောတောင်တွေမှာ PDF စခန်းရှာဖွေရေးစစ်ကြောင်းတွေ မကြာခဏ ထိုးနေ တာလည်း ရှိနေတယ်။ အငြိမ်မနေရအောင် လှုပ်ပေးထားတဲ့ လောင်းလုံမြို့နယ်ပါပဲ။

စစ်ပြေးတွေ ထောင်ချီရှိနေတဲ့နေရာက သရက်ချောင်းမြို့နယ်ပဲ။ တောင်ပျောက်တိုက်နယ် တစ်ခုတည်းမှာတင် စစ်ပြေး ၆၀၀၀ကျော်ရှိနေပြီလို့ ဆိုပါတယ်။ စစ်ကြောင်းတွေ ခဏခဏထိုးတယ်။ ရိက္ခာဖြတ်တယ်။ အိမ်မီးရှို့တယ်။ အစဉ်ဆက်လို တော်လှန်ရေးနယ်မြေလိုဖြစ်ခဲ့တဲ့ အဲ့ဒီရွာတွေဘက်က လှုပ်ရှားမှုက လျော့သွားတယ်လို့ မတွေ့ရဘူး။ သဲချောင်းကြီးရွာနေရာမှာ ၁၂၀၉၂၁ ဒေါင်းမင်း စစ်ဆင် ရေး၊ ရဲစခန်းကို ဝင်စီး၊ ၀၃၀၆၂၂ PDF တပ်များကရဲစခန်းကိုသိမ်းပိုက်၊ စကစ ၄ သေ ၇ ဒဏ်ရာရဆိုတဲ့ မှတ်စုတိုလေးတို့ထားတာတွေ့ရတယ်။ သူနဲ့ကပ်လျက် ကျွဲခြံရွာမှာတော့ ၀၃၁၀၂၁ က တိုက်ပွဲ ဖြစ် တယ်။ နောက်ထပ်ကပ်လျက်ရွာ ဝင်းကဖောမှာ ၃၀၀၉၂၁ က တိုက်ပွဲဖြစ်တယ်။ ဒီနားလေးတစ်ဝိုက် တွင် ကပ်ကြိတ်နေကြတာ။ လောလောလတ်လတ် တို့ထားရတဲ့မှတ်စုက ဒီလို။

၀၇၀၇၂၂ တောင်ပျောက် (အလယ်စုရွာ) တိုက်ပွဲ ၂ ကြိမ်။ စကစနှင့် ဖက်ဒရယ်စစ်ကြောင်းနဲ့ ကစယ်ဒိုကျား တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ပွဲဖြစ်၊ ဖက်ဒရယ်စစ်ကြောင်းက ဒုတပ်စုမှူးနဲ့ ရဲဘော်တဦး ကျဆုံး၊ စကစ ၁၀ ထက်မနည်းသေ။ Dawei Watch သတင်းမှာတော့ ၂၀၂၂ ဇူလိုင်၂ကနေ ၁၅ ရက်နေ့ အထိ ဖြစ်ခဲ့တဲ့ တောင်ပျောက် တိုက်နယ်ထဲက တိုက်ပွဲတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က စုစုပေါင်း ၉ဦးကျဆုံးတယ်လို့ PDF အဖွဲ့များက သတင်းထုတ်ပြန်ထားကြောင်း ဖတ်လိုက်ရပါတယ်။

တိုက်ပွဲတွေက မြောက်ဘက်အစွန်ဆုံး ရေဖြူကနေ တောင်ဘက်အစွန် စုံစင်ဖျားထိ ရောက်နေတယ်။

ပုံထဲမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့နေရာတွေကို မိုင်းကွဲနေတဲ့ အမှတ်အသား၊ တိုက်ပွဲဖြစ်တဲ့နေရာတွေကို သေနတ်ပစ်နေတဲ့အမှတ်အသားနဲ့ ပြထားတယ်။ ပွိုင့်တစ်ခုချင်းစီသာ ရေးနေရရင် စာက ဆုံးမှာ မဟုတ် တော့ဘူး။

တော်လှန်ရေးနဲ့ ပတ်သက်ရင် သမိုင်းအစဉ်အလာကြီးတဲ့၊ သူပုန်တွေ အထွက်များတဲ့ ဒေသဟာ မြန်မာ့သမိုင်းခေတ်ဦးကနေ ဒီနေ့ထိ တိုက်ပွဲတွေကို ပွေ့ဖက်ရှင်သန်နေကြရတုန်း။

ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်းရှိကြပါစေ။

၄။ အို .. မောင်ဒီရဲ့ မြစ်ခြေဝန်းကျင်
၂၁၀၇၂၂

ကျွန်တော်တို့နိုင်ငံမှာ နာမည်ကျော်ကြားလူချစ်များတဲ့ ပန်းချီဆရာကြီးတစ်ယောက်ရှိတယ်။ မောင်ဒီတဲ့။ ဦးမျိုးညွန့်ပေါ့။ ခင်ဝမ်းရဲ့ အို .. မောင်ဒီပေါ့။ သူ့ဇာတိက မြစ်ခြေမြို့၊ သရက်တောရွာ။ ဘာရယ်မဟုတ်ဘူး၊ ဇွန်လအတွင်း မြစ်ခြေဝန်းကျင်က သတင်းတွေလိုက်ဖတ်ရင်း သူ့ကို သတိရသွား လို့ ဒီခေါင်းစဉ်တပ်လိုက်တာ။

တကယ်က မြေပုံပေါ်မှာကြည့်လိုက်ရင် ပုသိမ်-မုံရွာလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းကျတဲ့ မြစ် ခြေဒေသမှာ ဒီလောက်လှုပ်လှုပ်ရှားရှားတွေ သိပ်မမြင်ရလှဘူး။ လမ်းမ အနောက်ခြမ်းမှာ ပွဲစိတ်စိတ် ကထားတာများကြတယ်။ တော်တော်စောစောပိုင်း ၂၀၂၁ ဇွန်လ ၁၅ရက်နေ့က ကမ္ဘာ့စာနယ်ဇင်းတွေ မှာ သတင်းဖြစ်ခဲ့တဲ့ ကင်းမရွာမီးရှို့ခံရပြီးကတည်းက အဲဒီနေရာတွေမှာ တငွေ့ငွေ့ တစိတ်စိတ် ပွဲတွေ ကနေကြကြောင်း မြေပုံပေါ်က အမှတ်အသားတွေက ပြောပြနေလိမ့်မယ်။

ကင်းမရွာအခြေအနေနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်က ဖော်ပြတဲ့ နောက်ဆုံးအခြေအနေတစ်ခု ကိုတော့ ခုလို ဖတ်ရတယ်။

Than Lwin Times

ကင်းမရွာအပါအဝင်ကျေးရွာနှစ်ဆယ်နီးပါး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားနိုင်
ပေါက် – ဇွန်(၂၉)
ရွာလုံးကျွတ်နီးပါးမီးရှို့ခံခဲ့ရတဲ့ ကင်းမရွာအပါအဝင်ကျေးရွာ(၂၀) နီးပါးကို ထိန်းချုပ်ထားနိုင်ပြီ လို့ ပေါက်တောင်ပိုင်းပျောက်ကြားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို အတည်ပြုပြောဆို ပါတယ်။ ပေါက်တောင်ပိုင်းပျောက်ကြားတပ်က ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ ကင်းမကျေးရွာကို စစ်ကောင်စီ တပ်သားတွေက ၂၀၂၁ ခုနှစ် ဇွန်လ(၁၅)ရက်က မီးရှို့ဖျက်စီးခဲ့လို့အိမ်ခြေ (၁၅၂) လုံး ပျက်စီးပြီး လက်ရှိအချိန်ထိ စုစုပေါင်းအိမ်ခြေ (၁၇၂) လုံး မီးရှို့ခံထားရတာပါ။

ထိန်းချုပ်နယ်မြေတွေမှာ စာသင်ကျောင်း(၁၀) ကျောင်းကို ဖွင့်ထားပြီး ဘို့မယ်၊ကင်းမနဲ့ ကျောက် အိုးရွာက စာသင်ကျောင်းတွေမှာတော့ အလယ်တန်းအဆင့်ထိ ပညာသင်ကြားပေးတာတွေ လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အစိမ်းရောင်အမှတ်အသားတွေက ပျူတွေအားကောင်းတဲ့ရွာ၊ အဝါရောင်အမှတ်တွေက မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့ နေရာနဲ့ နေ့စွဲအမှတ်အသား၊ (မြေပြင်မှာ ဒီ့ထက်များနိုင်)။ တိုက်ခိုက်ရေးရဟတ်ယာဉ်ပုံ တွေက လေကြောင်းက တိုက်ခိုက်ခံထားရတာ။ လူအရုပ်လေးတွေက စစ်ကြောင်းထိုးလာလို့ ထွက် ပြေးကြရတဲ့ ရွာတွေ၊ ကိုယ့်ဘာသာကိုယ်သာ ရှာဖွေကြည့်ကြပေတော့။

ပုံရဲ့အပေါ်ထောင့်မှာ သရက်ကန် ဆိုတဲ့ရွာတစ်ရွာတွေ့လိမ့်မယ်။ အဲ့ဒါ ပျူရွာ။ မြေပုံမှတ်စုထဲမှာ ဒီလိုတို့ထားတယ်။ သရက်ကန်၊ ၂၂၁၂၂၁ ရဲစခန်း ရှော့တိုက်ဒုံးဖြင့်အပစ်ခံရ ၂၅၀၆၂၂ စကစ ၂၀၀ ခန့် တပ်စွဲထားသော ရဲစခန်းကို ဒုတိယအကြိမ် ပဒအ ဝင်တိုက်၊ အထိခိုက်များ၊ ရဟတ်ယာဉ်ဖြင့် လာပစ်ခတ်ခဲ့။

တစ်ခုရှိတာက၊ လမ်းအရှေ့ဘက်ခြမ်းမှာ၊ ရှားပင်ရေ(အပြာရောင်စက်ဝိုင်း) ရွာနားကဖြစ်စဉ်က ကျော်ကြားတယ်။ မှတ်စုမှာ (( ဧပြီ ၆ ရက် ၂၀၂၂က မကွေးတိုင်း သရက်မြို့နယ်အခြေစိုက် ကပစ-၁၂ မှ ပေါက်မြို့နယ် ရှိ ကပစ-၂၄ သို့ ဗုံးသီးကုန်ကြမ်းတွေ တင်ဆောင်လာတဲ့ ယာဉ် ၃ စီးကို ပုသိမ်-မုံရွာ လမ်းမကြီး၊ ပေါက်မြို့နယ် ရှားပင်ရေ ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို ယာဉ် ၃ စီးမှာ လိုက်ပါ လာတဲ့ ဗိုလ်ကြီး ၁ ဦးနဲ့ တပ်ဖွဲ့ဝင် ၆ ဦးလည်း သေဆုံး)) .. လို့ရေးထားမိတယ်။ အဲဒီယာဉ် ၃ စီးနဲ့ ပစ္စည်းတွေ ပြန်သိမ်းရမိတယ်ဆိုတဲ့ သတင်းမျိုးတော့ မဖတ်မိသေးဘူး။ ကပစ အရာရှိကြီးကြီးတွေ အရေးယူခံရတယ်ဆိုတဲ့ သတင်းတွေတော့ ဖတ်ရတယ်။

အဲဒီဖြစ်စဉ်အပြီးမှာတော့ ရှားပင်ရေနဲ့ ကပ်လျက် မြောက်ဘက်ကရွာတွေဖြစ်တဲ့ ရေကျော်ရွာနဲ့ ကျွန်းကြီးရွာ မီးအရှို့ခံရတော့တာပဲ။ ရေကျော်ရွာဆိုရင် အိမ်ခြေ ၂၄၀ ရှိတာ၊ ၃ကြိမ်အရှို့ခံရလို့ ၁၀ အိမ် ပဲ ကျန်သတဲ့။

အခု ယောချောင်းနဘေးက ရွာလုံးကျွတ်ပြေးနေကြရတာက (အနီရောင်အမှတ်အသား) အဲဒီ ရှားပင်ရေရွာ တောင်ဘက်ခြမ်းဒေသတွေပေါ့။ လက်နက်ထုတ်လုပ်တဲ့ ကပစ၊ ဝါဇီစက်ရုံတွေနဲ့ ဆယ် မိုင်သာသာ အကွာအဝေး ဝန်းကျင်က ရွာတွေဖြစ်လို့ စက်ရုံတွေလုံခြုံရေးအတွက် ကြိုရှင်းထားတာမျိုး လည်း ဖြစ်လေမလားပဲ။ ဖတ်ရတဲ့ဖြစ်စဉ်က (( မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အခြေစိုက်စခန်းကို စစ်တပ်က ယခုလ ၁၂ ရက်တွင် ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပခုက္ကူမြို့နယ်တောင်ဘက် ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ခြေနှင့် ကျွန်းချောင်းဒေသနှစ်ခုပေါင်း PDF အဖွဲ့၏စခန်းကို စစ်တပ်က အင်အား ၂၅၀ ခန့်ဖြင့် မွန်းလွဲပိုင်းတွင် စီးနင်းတိုက်ခိုက်ခြင်းဖြစ်သည်။ အခြေစိုက်စခန်း ဆုံးရှုံးသည့်ပြင် နေထိုင်ရန် ဆောက်လုပ်ထားသည့် အဆောင်ငယ် ၂၀၊ လက်လုပ်သေနတ် ၁၀ လက်ကျော်၊ လက်လုပ် လက်နက်ကြီး ၆ ခု၊ မိုင်းပီပါ ငါးလုံး၊ စက်ပစ္စည်းများနှင့် ဓာတ်ဆီ၊ ဒီဇယ်ဆီများ အပါအဝင် ဖောကား ၅ စီးလည်း သိမ်းဆည်းခံရသည်ဟု သိရသည်။)) ဆိုတာပဲ။ အင်အားမမျှလို့ ဆုတ်ပေးလိုက်ရတော့ ရှိတာ တွေအကုန် ပါသွားတဲ့သဘော။ တာဝန်ခံကတော့ စခန်းကတော့ ပြာပဲကျန်တော့တယ်။ ကျွန်တော်တို့ ကတော့ လူရှိနေသမျှတော်လှန်နေမှာပဲ။ တစ်ယောက်တည်းကျန်လည်း တော်လှန်မယ်။ အခက်အခဲက တော့ ဖြစ်သွားတာပေါ့လို့ ပြောထားတာ ဖတ်ရတယ်။ မြစ်ခြေနဲ့ ကျွန်းချောင်းအခြေစိုက် PDF တွေက တန့်ကြည့်တောင်ဒေသမှာ စခန်းချထားတဲ့ စကစ တပ်တွေကို မိုင်းဆွဲတိုက်ခိုက်တာ၊ ပြောက်ကျား တိုက်ခိုက်တာတွေ ရှိတယ်လို့ ဆိုတယ်။ တန့်ကြည်တောင် ဘုရားဖူးကားကို ပစ်ခတ်တဲ့ဖြစ်စဉ်မှာ PDF တွေနဲ့ စကစတို့ သူလုပ်တာ၊ ငါလုပ်တာဆိုတဲ့ အငြင်းပွားမှုဖြစ်စဉ်တစ်ခုက ထင်ရှားတယ်။

အခုဖြစ်စဉ်ကလည်း ဆိက္ခဝရွာ၌ စခန်းချထားသည့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး ပျောက်ဆုံးပြီးနောက် စစ်တပ်က ကျေးရွာများကို လိုက်လံစီးနင်းရင်း PDF စခန်းကိုပါ မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်သည်ဟု ဆိုသည်လို့ ရေးထားတာတွေ့ရတယ်။ ယောချောင်းအရှေ့ဘက်ကမ်းက တောင်ပလူ ရွာကို ဇွန်လနှောင်းပိုင်းက မီးရှို့ထားတာတွေ့ရပြီး ၀၈၀၇၂၂ မှာတော့ ကပ်လျက်ရွာတွေဖြစ်တဲ့ ရှားဒူးနဲ့ စိုင်ဖြူကို မီးရှို့ပြန်တယ်။ အဲ့ဒီနောက်မှာတော့ အနောက်ဘက်ကမ်းက သံပုရာပင်၊ ဆားလောက်၊ အနောက်ကမ်းဖြူ၊ ဘဲကျ၊ ကျဘေ၊ ကျကွဲစတဲ့ချောင်းရိုးတစ်လျှောက် ရွာစဉ်လိုက် ပြေးကြရတော့ တာပဲ။

ကျွန်တော်တို့ အို.. မောင်ဒီကြီး သူ့ဇာတိမြေမှာ ရှိနေရင်လည်း အိုကြီးအိုမနဲ့ ပြေးများနေရလေ မလား တွေးမိ။ ဒီစာရေးနေတဲ့အချိန်မှာပဲ၊ အောက်မှာဖော်ပြထားတဲ့ ရှားလှရွာ(အဝါရောင်စက်ဝိုင်း) သတင်းဖတ်လိုက်ရတယ်။ တိုင်းပြည်ကတော့ မိုးထဲရေထဲ မုန်တိုင်းထဲမှာပါပဲ။ လေဆန် ရေဆန်ကို ကူးခပ်နေရတုန်းပါပဲ။

Red News Agency
40m

တိုက်ပွဲဖြစ်ပွားပြီးနောက် ကာကွယ်ရေးတပ်စခန်း စီးနင်းခံရပြီး သိန်း (၈၀) ကျော်တန်ဖိုးရှိ ပစ္စည်းများဆုံးရှုံး
RNA_ဇူလိုင်၂၀၊၂၀၂၂ခုနှစ်။

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တိုက်ပွဲဖြစ်ပွားပြီး မြေလတ်ဒေသ ဆိပ်ဖြူမြို့နယ် ကာကွယ်ရေးတပ်-CAF-SPUPDF စခန်း စီးနင်းခံရပြီး စစ်ဘေးရှောင်များကို ကယ်ထုတ်နိုင်ခဲ့သော်လည်း ကျန်ရှိသည့် သိန်း (၈၀) ကျော် တန်ဖိုးရှိပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ဆိပ်ဖြူမြို့နယ် ရှားလှကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း အင်အား ၂၇၀ ဝန်းကျင်ရောက် ရှိလာပြီး ဇူလိုင် ၁၃ ရက်နေ့က CAF-SPUPDF နှင့်တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်က (၆) ဦး သေ ဆုံးခဲ့ကြောင်း၊ လက်နက်အင်အား အလွန်အကျွံသုံးတိုက်ခိုက်လာသည့်အတွက် စစ်ဘေးရှောင်များကို ကယ်ထုတ်ကာ စခန်းဆုံးရှုံးခဲ့ရကြောင်း CAF-SPUPDF က ယနေ့ ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် CAF-SPUPDF စခန်း စီးနင်းမီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာအတွင်း ဝင်ရောက်ကာ တန်ဖိုးရှိပစ္စည်းများယူဆောင်သွားကြောင်း၊ ဒေသခံပြည်သူတချို့ကိုလည်း စစ်ကြောင်း တွင် ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်းရှိကြပါစေ။

၅။ ကနီ၊ မင်းကင်းမှာ ချင်းတွင်းမြစ်အတွင်း စစ်ခင်းခဲ့
၂၅၀၇၂၂

ဒီနေ့ တစ်ပြည်လုံးကပြည်သူတွေ အာဇာနည်လေးဦးအတွက် ကြိမ်မီးအုံး ခံစားခဲ့ရတယ်။ ကြေကွဲ ခံပြင်း နာကျည်းနေကြတယ်။ အဲဒီအချိန်မှာပဲ၊ ကရင်နီနဲ့ ချင်းတွင်းမြစ်ထဲမှာ တိုက်ပွဲပြင်းထန် နေကြောင်း သတင်းတွေဖတ်ရတယ်။ မြေပြင်ကလူတွေ သူတို့လုပ်ရမယ့်အလုပ်ကို မမှိတ်မသုန် လုပ်နေကြတာပါလားလို့ စွဲမှတ်ယူရင်း သူရဲကောင်းတွေကို ဦးညွတ်ရတယ်။

ကရင်နီနယ်ဘက်က သတင်းတွေ ပြည့်ပြည့်စုံစုံ မတက်သေးခင်မှာ ချင်းတွင်းမြစ်ထဲက သတင်း တွေ ဖော်ပြချင်တယ်။
မြေပုံကိုကြည့်ပါ။

ဒီနေ့ ၂၅၀၇၂၂ တစ်ရက်တည်းမှာပဲ ..၊
၁။ ကင်းရွာနဲ့ အထက်ကင်းရွာကြားမှာ စကစရေယာဉ်အုပ်စုနှင့် ချင်းတွင်းနွေဦးတော်လှန်ရေးအင်အားစု ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲဖြစ်တယ်။
၂။ အထက်ကင်းရွာနဲ့ မိကျောင်းတွင်းရွာအကြားမှာ ကစရေယာဉ်အုပ်စု နှင့် Mahauurar Dragon PDF တပ်ရင်းတို့ တိုက်ပွဲဖြစ်တယ်။
၃။ မိကျောင်းတွင်းရွာ အထက်ဘက်နားမှာ စကစရေယာဉ်အုပ်စုနှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်တယ်။
၄။ ညောင်ပင်သာရွာနဲ့ သင်တောရွာကြားမှာ မင်းကင်းမြို့နယ် ပကဖအဖွဲ့များနှင့် စကစ ထိတွေ့မှု ဖြစ်တယ်။
ဆိုလိုတာက အထက်ကို ဆန်တက်နေတဲ့ စစ်ရေယာဉ်အုပ်စုကြီးကို ကနီမင်းကင်းနယ်သားတွေ မြစ်ရိုးတစ်လျှောက် ရွာစဉ်လိုလို တိုက်ပွဲဝင်နေကြပုံကို မြေပုံပေါ်မှာ မှတ်တမ်းတင်နေရင်း တွေ့လိုက်ရ တာကို ပြောချင်တာ။
အဲဒီလို တိုက်ပွဲတွေဖြစ်တော့ ဒီလို သတင်းတက်လာတယ်။
ချင်းတွင်းချစ်သူ

29m

စစ်ကောင်စီရေယာဉ်အုပ်စုက မင်းကင်းနယ် အနောက်တော၊ အုန္နဲဘုတ်၊ ညောင်ပင်သာ (၃) ရွာ ဆက်တိုက် မီးရှို့နေ
ညနေ(၅:၀၀) ဇူလိုင်(၂၅)

ချင်းတွင်းချစ်သူ

ချင်းတွင်းမြစ်ကြောင်းအတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး စကစများနှင့် ပျူစောအထီးအမများသည် မင်းကင်းနယ် အောက်မြစ်ရိုး အနောက်တော၊ အုန္နဲဘုတ်၊ ညောင်ပင်သာ (၃ )ရွာ ဆက်တိုက်မီးရှို့နေကြောင်း၊ နေ့လယ် (၁) နာရီအချိန်တွင် အနောက်တောရွာ (၃) နာရီအချိန်တွင် အုန္နဲဘုတ်ရွာ (၃:၃၀)အချိန်တွင် ညောင်ပင်သာရွာ တို့ကို ကုန်းကြောင်းမှတစ်ဆင့် ဆက်တိုက်ရှို့နေခဲ့ကြောင်း၊ ရေယာဉ်များသည် နေ့လယ် (၃:၀၀) အချိန်တွင် အနောက်တော အနီးသောင်ပြင်ပါးမှတစ်ဆင့် ပျက်ဆီးနေသော ဖလက်ခွံကို အခြားရေယာဉ်များဖြင့် တွဲခေါ်လျက် ပေတော တစ်ဖက်ကမ်း ညောင် ပင်သာ၊ အုန္နဲဘုတ် အောက်မြီးဆွဲ၌ ဆိုက်ကပ်နေကြောင်း၊ ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ (၂)ဦး လက်နက်ကြီးထိမှန် ထိခိုက် ဒဏ်ရာ ရထားကြောင်း၊ စစ်ကောင်စီ ရေယာဉ်များ ညနေ (၅:၃၀) အချိန်တွင် ညောင်ပင်သာ ရွာ အောက်မှီးဆွဲမှတစ်ဆင့် ချင်းတွင်းအထက် သို့ ဆန်တက်နေကြောင်း ကနဦး သိရပါသည်။

အနောက်တောရွာနားက ပန်းဆက်တို့၊ တောင်ဖြူတို့ဆိုတာက ပျူအမာခံရွာတွေ။ ပျူထီးပျူမတို့စံပျော်ရာ နတ်နန်း။

အခုဖြစ်စဉ်က ခရီးအကွာအဝေး ဆယ့်လေးငါးမိုင်လောက်အတွင်း တောက်လျှောက် ဖြစ်နေ တာ။ မြစ်တွင်းတိုက်ပွဲတွေကို အဝါရောင်စက်ဝိုင်း၊ မီးရှို့ခံလိုက်ရတယ် ရွာသုံးရွာကို အနီရောင်စက်ဝိုင်း နဲ့ ပြထားတယ်။ ၂၀၂၂ ဇူလိုင်၂၅မှတ်တမ်း တစ်စိတ်တစ်ပိုင်းပေါ့။

ပြည်သူအပေါင်း ဘေးရန်ကင်းရှင်း ကျန်းမာ၊ လောက်ငပြည့်စုံခြင်းရှိကြပါစေ။

ငြိမ်းအေးအိမ်