အဆံပါ၊ သန်မာရုံမက အသည်းမာတဲ့သူတွေ

တိုင်းပြည်နဲ့လူမျိုးအကျိုးအတွက် အသက်နဲ့ခန္ဓာကို စတေးဝံ့တဲ့အထိ တကယ်ပဲ ကိုယ်ကျိုးစွန့် အနစ်နာခံ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာ သူတို့ကိုယ်တိုင်က စိတ်ဓာတ်သတ္တိ၊ ကာယ သတ္တိ၊ ဉာဏ်ပညာ၊ အတွေးအခေါ်နဲ့ ကိုယ်ကျင့်တရားအရာမှာသာ အတုယူ စံပြုထိုက်တာ မဟုတ်ဘူး။ သူတို့ရဲ့ကျန်ရစ်သူ မိဘ၊ ဇနီးမယားနဲ့ သားသမီးတွေဟာလည်း သူတို့လိုပဲဆိုတာ တွေ့ရတယ်။

ဦးနေဝင်းလက်ထက် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေးကွပ်မျက်ခံခဲ့ရသူက ကျောင်း သားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး။ သူ့ရဲ့ ညီမ မိုင်ပိုပို(ခေါ်)မလှမြိုင် ပြောတဲ့စကားနဲ့ စလိုက်ပါ့ မယ်။ သူပြောတာက “လူဟာ မိမိရဲ့မိသားစုထက်ကျော်လွန်ပြီး တိုင်းပြည်နဲ လူမျိုးကို ချစ်ရမယ်။ မိမိ ပတ်ဝန်းကျင်၊ မိမိတိုင်းပြည်ကြုံတွေ့နေရတဲ့ မတရားမှုတွေ၊ ရက်စက်မှုတွေ၊ ဒုက္ခအခက်အခဲ၊ ပြဿနာ တွေကို မြင်တတ်ရမယ်။ ဖြေရှင်းတတ်ရမယ်။ တွန်းလှန်ကာကွယ်တတ်ရမယ်” တဲ့။

ဦးသန်းရွှေခေတ် ပဲခူးထောင်ထဲမှာ ၂၀၀၆ ခုနှစ် ဇန်နဝါရီလအတွင်းက နိုင်ငံရေးအကျဥ်းသား ကိုခင်မောင်လွင် ဆုံးပါးတဲ့အခါ “သူလွတ်ကျသွားခဲ့တဲ့အလံကို ကျွန်မ ဆက်ကိုင်သွားပါ့မယ်” လို့ ကျန်ခဲ့ တဲ့ သူ့ချစ်သူမိန်းကလေးက ပြောတယ်။

၂၀၁၇ ခုနှစ်က လေဆိပ် လူမြင်ကွင်းမှာ ဦးခေါင်းတည့်တည့်ကို သေနတ်နဲ့ပစ်ခတ် လုပ်ကြံခံရ ပြီး ဦးကိုနီ ကျဆုံးရတာနဲ့ ပတ်သက်လို့ မီဒီယာအင်တာဗျူးတဲ့အခါ သူ့သမီးမယဉ်နွယ်ခိုင် ပြောခဲ့တာ လည်း ရှိတယ်။ “ပြည်သူ့ဘက်က သူရဲကောင်းဆိုတာ ရန်သူတွေရဲ့ပစ်မှတ်ပဲ။ ကျွန်မအဖေ ဆုံးသွားလို့ ဒီအလုပ်လုပ်တာ မှားတယ်လို့ ကျွန်မ မထင်ဘူး။ ဒီအလုပ်လုပ်လို့ သေသွားတာလို့ နောင်တရတဲ့စိတ်
ခုချိန်ထိ ကျွန်မ မဖြစ်ဘူး။ လုပ်ဖို့လိုလို့ လုပ်တယ်။ သေဖို့ရှိလို့ သေသွားတယ်။ လူတိုင်းဟာ၊ သူရဲ ကောင်းဆိုတာ ဒီလိုပဲသွားကြတာပဲ” တဲ့။
အခု နွေဦးတော်လှန်ရေးမှာလည်း ကြိုးပေးကွပ်မျက်ခံရတဲ့ ကိုဂျင်မီရဲ့ဇနီး မနီလာသိန်းက “ဝမ်းနည်းပြီး တော်လှန်ရေးကြီးက ရပ်တန့်သွားလို့ မရဘူး။ ရပ်တန့်နေလို့ မရဘူး။ ကျွန်မတို့ အမြဲတမ်း ရဲရင့် နေရမယ်။ ကျွန်မတို့ အမြဲတမ်းသန်မာနေရမယ်။ ကျွန်မတို့အလုပ်တွေ အမြဲတမ်း ရှင်သန်နေရ မယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ အနက်ရောင် ပရိုဖိုင်းအစား အနီရောင်ပရိုဖိုင်းပဲ ချိန်းကြပါ။ ဝမ်းနည်းပြီး၊ ပူဆွေးပြီး၊ ငိုကြွေးပြီးတော့ နေလို့မရဘူး။ ကျွန်မတို့အလုပ်တွေကို ဆက်ပြီး၊ ဒီထက်ပိုအားစိုက်ပြီးစစ်အာဏာရှင်အမြစ်ပြတ်အောင် လုပ်ဆောင်ကြရမယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ခရီးဆက်ကြပါ” လို့ ပြောတယ်။

ကိုဇေယျာသော်ရဲ့ကျန်ရစ်သူဇနီး မသဇင်ညွန့်အောင် ပြောတာကျ “ကျွန်မ အဓိကပေးချင်တဲ့ သတင်းစကားက သူတို့ ဒီစစ်တပ်က၊ သတ္တိရှိပါတယ်ဆိုတဲ့ စစ်သားကြီးတွေက လူတစ်ယောက်ကို သတ်ရင်သတ်တယ်၊ မသတ်ရင်မသတ်ဘူးဆိုတာတောင် ဝန်မခံရဲကြဘူးဆိုတော့ ကျွန်မတို့က ဘယ်လို လူမျိုးတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာ သဘောပေါက်စေချင်တယ် “တဲ့။

တကယ်တမ်းကျ ဒီလမ်းကိုလျှောက်ရင် ဒီလိုတွေ ကြုံတွေ့ခံစားရမှာ ကာယကံရှင်ကိုယ်တိုင် ကော သူရဲ့မိသားစုတွေပါ မသိမဟုတ်။ သိလျက်နဲ့ ကိုယ့်စိတ်ဒုက္ခသုက္ခတွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီး ခေတ်ဆိုး ခေတ်ကြပ်ကြီးထဲ ဖြတ်သန်းခဲ့ကြတာ ဖြစ်ပါတယ်။

တော်တန်ရုံ ကိုယ်စိတ်နှစ်ပါး ခွန်အားသတ္တိ မွေးမထားဘဲနဲ့တော့ ဒီလို ဘယ်ရှင်သန်ဖြတ်သန်း နိုင်ကြပါ့မလဲ။

အဆံလည်းပါ၊ အသံလည်းမာ၊ သန်လည်း သန်မာကြရုံတင်မက အသည်းလည်း မာနိုင်ကြတဲ့သူ တွေလို့ ဆိုရမယ်။

မောင်နန်းဝေ(ဗန်းမော်)

၂၀၂၂ ဇူလိုင်၂၈

Delta News

Read Previous

နွေဦးမှတ်တမ်း

Read Next

မြေပုံအမှတ်သားများထံမှ သတင်းပေးပို့ချက်