ကြွက်သေ အစိတ်အပိုင်းတွေ ပါလာတဲ့ ပြဿနာကြောင့် ဂျပန်မှာ ပေါင်မုန့်ထုပ် သိန်းဂဏန်းလောက် ပြန်သိမ်းဆည်း

မေ၊ ၁၀

 ပေါင်မုန့်ထုပ်တွေထဲမှာ ကြွက်သေ အပိုင်းအစတွေ တွေ့ရှိခဲ့တဲ့နောက် ဂျပန်က လူသိအများဆုံး စားသောက်ကုန် အမှတ်တံဆိပ် တခုဟာ စျေးကွက်ထဲ ဖြန့်ထားတဲ့ ပေါင်မုန့်တွေကို အသည်းအသန် ပြန်လည် သိမ်းဆည်းနေရပြီး ဝယ်ယူတွေကိုလည်း ငွေပြန်အမ်းပေးမယ်လို့ ကမ်းလှမ်းထားရပါတယ်။

Pasco Shikishima ကော်ပိုရေးရှင်းက ဖြန့်ဖြူးခဲ့တဲ့ ပေါင်မုန့်ဖြူတွေထဲက အနည်းဆုံး နှစ်ထုပ်လောက်မှာ ကြွက်သေ အစိတ်အပိုင်း မည်းညစ်ညစ်တွေကို ရှာတွေ့ခဲ့တာပါ။ အဲဒီသတင်းတွေ ထွက်ပေါ်လာတဲ့နောက် Pascoတံဆိပ် ပေါင်မုန့်တွေ ထုတ်လုပ်မှုကို ချက်ချင်း ရပ်ထားပြီး နောက်ကြောင်းပြန် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

 ဒါ့အပြင် စျေးကွက်ထဲမှာ ဖြန့်ချိပြီးဖြစ်တဲ့ ပေါင်မုန့်ထုပ်ပေါင်း ၁၀၄၀၀၀ လောက်ကိုပါ ပြန်လည် သိမ်းဆည်းနေတာ ဖြစ်ပါတယ်။ ပြီးတော့ ပေါင်မုန့် ဝယ်ယူထားသူတွေကိုလည်း ငွေပြန်အမ်းမယ်လို့ Pascoက ကမ်းလှမ်းထားပါတယ်။

လက်ရှိ အချိန်ထိတော့ ပေါင်မုန့်စားမိပြီး ပြဿနာ တခုခုဖြစ်တာ၊ နာမကျန်းတာမျိုး သတင်းတွေ ဘာမှ မကြားသေးဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

 Pascoရဲ့ ပေါင်မုန့်တွေဟာ ဂျပန်မှာ လူသုံးအများဆုံး အမှတ်တံဆိပ် စာရင်းဝင်ပြီး စူပါမားကက်တွေ၊ ကုန်စုံဆိုင်တွေမှာ အမြဲတမ်းလိုလို တွေ့ရတဲ့ စားသောက်ကုန် စာရင်းထဲမှာ ပါဝင်ပါတယ်။

 ကုမ္ပဏီကတော့ အခုရှုပ်ထွေးမှုကြောင့် စားသုံးသူတွေ၊ မိတ်ဖက်လုပ်ငန်းတွေနဲ့ တခြားထိခိုက်နစ်နာသူတွေ အားလုံး စိတ်အနှောင့်အယှက် ဖြစ်ရတာကို တောင်းပန်ကြောင်း ကြေညာခဲ့ပါတယ်။

 ဒါ့အပြင် ကုမ္ပဏီရဲ့ တိုကျိုမြို့ အခြေစိုက် ကုမ္ပဏီရဲ့ အစားအသောက် စက်ရုံကိုပါ ယာယီ ပိတ်ထားပြီး အသေးစိတ် ပြန်လည် စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

 ပေါင်မုန့်ထုပ်တွေထဲ ကြွက်အသေ အစိတ်အပိုင်းတွေ ဘယ်လို ရောက်နေခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။ နောက်ထပ် ဒါမျိုး မဖြစ်အောင် အစွမ်းကုန် ဂရုစိုက်ပါ့မယ်လို့တော့ ကုမ္ပဏီက ကြေညာထားပါတယ်။

 မနှစ်တုန်းကလည်း ဂျပန်ရဲ့ 7-Eleven စတိုးဆိုင် တခုမှာ ရောင်းချတဲ့ အသင့်စား ထမင်းဆုပ်ထဲမှာ ပိုးဟပ်တကောင် ပါသွားလို့ ပြန်တောင်းပန်ခဲ့ရသလို ရောင်းချထားတာတွေကိုလည်း ပြန်လည် ရှာဖွေ သိမ်းဆည်းခဲ့ရဖူးပါတယ်။

 Ref: BBC