ဆီနီဂေါမှာ ခရီးသည်တင်လေယာဉ် လမ်းချော်မှုဖြစ်ပွားပြီး တဆယ်ဦး ဒဏ်ရာရ

မေ၊ ၁၀

ဆီနီဂေါ နိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစီး ပြေးလမ်းပေါ်က ချော်ထွက်သွားရာက လူ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ 

ဆီနီဂေါရဲ့ မြို့တော် ဒါကာမှာ မေလ ၉ ရက်နေ့က လူပေါင်း ၈၅ ဦး လိုက်ပါလာတဲ့ Boeing 737 လေယာဉ်တစီး လမ်းချော်မှု ဖြစ်ခဲ့ကြောင်း ပို့ဆောင်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။ ဆီနီဂေါ လေကြောင်းပိုင် လေယာဉ်မှာ ခရီးသည် ၇၉ ဦးနဲ့ အမှုထမ်း ၆ ဦး လိုက်ပါခဲ့ကြောင်း၊ လေယာဉ်ဟာ ပျံတက်တဲ့ အချိန်မှာ ပြေးလမ်းကို ချော်ထွက်သွားခဲ့တာဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး အယ်လ်မာလစ်ခ် အန်ဒီယာရီက ပြောပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံအမြန်ဆုံး တင်ပို့ခဲ့ပြီး တခြားသူတွေကိုတော့ အနီးမှာရှိတဲ့ ဟိုတယ်တခုကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ လေကြောင်းလိုင်းက ထုတ်ပြန်ထားပါတယ်။

ညပိုင်း အလင်းရောင် နည်းနေချိန်မှာ ရိုက်ကူးထားတဲ့ ဗီဒီယို တချို့အရ လေယာဉ်ရဲ့ ဘယ်ဖက်တောင်ပံမှာ မီးစွဲလောင်နေလို့ ခရီးသည်တွေ အထိတ်တလန့် ထွက်ပြေးလာကြတာကို တွေ့ရပါတယ်။

အခင်းဖြစ်ပြီးပြီးချင်း လေဆိပ်ကို ယာယီ ပိတ်ခဲ့ရပေမယ့် နာရီပိုင်း အကြာမှာတော့ ပုံမှန် ပြန်လည် ဖွင့်လှစ်ခဲ့ပါတယ်။ လေယာဉ် လမ်းချော်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အမေရိကန် လေကြောင်း နည်းပညာ ကုမ္ပဏီကြီး Boeingဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကုမ္ပဏီက ထုတ်လုပ်တဲ့ လေယာဉ်တွေ ပျက်ကျတာနဲ့ တခြား လုံခြုံရေးဆိုင်ရာ ပြဿနာတွေကြောင့် အတော်လေး နာမည်ပျက်နေခဲ့ရပါတယ်။

လောလောလတ်လတ် အနေနဲ့ အခုသီတင်းပတ်ထဲမှာတင် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ် လေဆိပ်ထဲမှာ Boeing 767 ကုန်တင်လေယာဉ် တစီး ဆင်းသက်တဲ့အချိန် ရှေ့ဘီးချမရလို့ လေယာဉ် ဦးခေါင်းပိုင်းနဲ့ တရွတ်ဆွဲပြီး ဆင်းရတဲ့ ကိစ္စမျိုး ကြုံတွေ့ထားပါသေးတယ်။

Ref: CNA