အိန္ဒိယရောက် စစ်ကောင်စီတပ်သားတွေကို သွားခေါ်တဲ့ စစ်တပ်လေယာဉ် ပြေးလမ်းချော်ပြီး ပျက်စီး

ဇန်နဝါရီ၊ ၂၃
 
ပလက်ဝဒေသတွင်း တိုက်ပွဲတွေကနေ အိန္ဒိယဘက်ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာလောက်ကို သွားခေါ်တဲ့ စစ်ကောင်စီလေတပ်က ထောက်ပို့လေယာဉ်တစီးဟာ ဒီကနေ့မနက်ပိုင်းက အိန္ဒိယနိုင်ငံ Lengpui လေဆိပ်မှာ ပြေးလမ်းချော်ပြီး လေယာဉ်ချို့ယွင်းသွားတယ်လို့ အိန္ဒိယသတင်းတွေနဲ့ ချင်းမီဒီယာတွေက ဖော်ပြကြပါတယ်။
 
စစ်ကောင်စီလေတပ်ပိုင် သယ်ယူပို့ဆောင်ရေးလေယာဉ်ဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့အနီးက Lengpui လေဆိပ်ကို ဆင်းသက်ချိန် ဒီကနေ့ မနက် ဆယ်နာခွဲဝန်းကျင်က ပြေးလမ်းချော်ခဲ့တာလို့ ချင်းမီဒီယာ တခုဖြစ်တဲ့ khonumthung Burmese သတင်းဌာနက ဖော်ပြပါတယ်။
 
သတင်းတွေမှာ ဖော်ပြတဲ့ ရုပ်သံနဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အဲဒီစစ်ကောင်စီလေယာဉ်ဟာ လေယာဉ်ပြေးလမ်းက ချော်ထွက်ပြီး ပြေးလမ်းဘေး လယ်ကွင်းတွေထဲ ရောက်နေကာ လေယာဉ်ထက်ပိုင်းကျိုးကျ ပျက်စီးသွားတဲ့အနေအထား တွေ့ရပါတယ်။
 
ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေနဲ့ လေယာဉ်ထိခိုက်ပျက်စီးမှု အခြေအနေကို တိတိကျကျ မသိရသေးပေမယ့် မှတ်တမ်းဓာတ်ပုံတချို့အရ ဖြစ်စဉ်အတွင်း ထိခိုက်ထားသူတွေကို အိန္ဒိယတပ်ဖွဲ့ဝင်တွေက သယ်ထုတ်ပေးနေတာ တွေ့ရပါတယ်။
 
ပလက်ဝမြို့နယ်အတွင်း ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၆ ဦးဟာ ဇန်နဝါရီ ၁၇ ရက်က အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြပါတယ်။
 
အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနေ့ကစပြီး စစ်ကောင်စီလေယာဉ်နဲ့ ပြန်လည်ခေါ်ယူနေတာဖြစ်ကာ ဒီကနေ့ ဒုတိယအသုတ် အနေနဲ့ သွားခေါ်တဲ့အချိန်မှာ လေယာဉ်ပြေးလမ်းချော်ခဲ့တာလို့ khonumthung က ဖော်ပြထားပါတယ်။
လေတပ် ထောက်ပို့လေယာဉ် တွေအဖြစ် အသုံးပြုနေတဲ့အပြင် လက်ရှိနိုင်ငံတဝန်းက တိုက်ပွဲတွေမှာ ဗုံးကြဲတိုက်ခိုက်ဖို့အတွက်ပါ အသုံးပြုနေတဲ့ Y-8 လေယာဉ်တွေဟာ မကြာခဏ မတော်တဆမှု ဖြစ်လေ့ရှိတဲ့ မှတ်တမ်းတွေ ရှိပါတယ်။
 
လွန်ခဲ့တဲ့ ခုနစ်နှစ်ဝန်းကျင်အကြာ ၂၀၁၇ ခုနှစ် ဇွန်လဆန်းကလည်း မြိတ်မြို့ကနေ ရန်ကုန်ကို ပျံသန်းလာတဲ့ လေတပ်ပိုင် Y-8 လေယာဉ် ပျက်ကျလို့ စစ်သားတွေနဲ့ တပ်မိသားစုဝင် ၁၂၀ ကျော် သေဆုံးခဲ့ပြီး မြန်မာ့လေ ကြောင်းသမိုင်းမှာ အဆိုးရွားဆုံး လေကြောင်းမတော်တဆမှုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
 
ဓာတ်ပုံ – Social Media