တောင်ငူလေတပ်စခန်းတိုက်ခိုက်မှု ဂျက်ဖိုက်တာနှစ်စင်းထိခိုက်တယ်လို့ဆို

Photo-Google

မေ၊ ၁၀

တောင်ငူလေတပ်စခန်းကို ဒီကနေ့ မေလ ၁၀ ရက် မနက် ၄ နာရီလောက်မှာ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုန်းတွေနဲ့ တိုက်ခိုက်ရာမှာ ဂျက်ဖိုက်တာလေယာဥ်နှစ်စင်းထိခိုက်ပျက်စီးတယ်လို့ Brave Warriors For Myanmar(BWM)အဖွဲ့က  ပြောပါတယ်။

လေတပ်စခန်းတိုက်ခိုက်ခံရမှုကြောင့် K8 Hangar တလုံးမီးလောင်ပျက်စီးပြိုကျခဲ့တဲ့အပြင် ဂျက်ဖိုက်တာတစင်းအတောင်ကျိုးကာ နောက်ထပ်ဂျက်ဖိုက်တာတစင်းကတော့အမြီးပိုင်းကျိုးကျသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်က အရာရှိနှစ်ဦးအပါအဝင် ရှစ်ဦးသေဆုံးကာ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦတချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြု ပေးနိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် တောင်ငူလေတပ်စခန်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးသလို စစ်ကောင်စီရဲ့ပဲခူးတိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူကို ဖုန်းနဲ့ သုံးကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားပေးခြင်းမရှိပါဘူး။

အဲဒီတိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့စီမံမှုနဲ့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ကဦးဆောင်ကာ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုပြုလုပ်နေချိန်မှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေကနေ လက်နက်ကြီးအဆက်မပြတ်ပစ်ခတ်ခဲ့သလို လေကြောင်းကနေ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့  Brave Warriors for Myanmar (BWM)အဖွဲ့တာဝန်ခံကပြောပါတယ်။

“ကျွန်တော်တို့ ပထမ ၅ လုံး တတွဲ ပစ်ပြီးတာနဲ့ ချက်ချင်း ကို လက်နက်ကြီးနဲ့ ၂ လုံး တန်ပြန်ပစ်ပါတယ်၊နောက် ၅ လုံး ထပ်ပစ် ပြီးတဲ့ အချိန်ကြတော့ ပစ္စည်းတောင် မနည်းသိမ်းရတယ်”လို့ သူက ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးလေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“တောက်လျောက် လိုက်ပစ်တာ လေယဥ်နဲ့လည်း ပစ်ခတ်သူတွေကို ပါတ်ပြီးရှာတယ်၊ နေ့လည်အထိကို လက်နက်ကြီးပစ်ပြီးတော့ Jet fighter ပတ်နေဆဲ၊ လက်နက်ကြီး အထိုင်လေးနေရာကနေ ပစ်တာပါ” လို့ Brave Warriors For Myanmar(BWM)တာဝန်ရှိသူက ပြောပါတယ်။

အခုတကြိမ် တောင်ငူလေတပ်စခန်းတိုက်ခိုက်ခံရမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ကလည်းတိုက်ခိုက်ခံခဲ့ရပါသေးတယ်။

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကို အရင်ကထက် အဆများစွာ ပိုမိုအသုံးပြုလာပြီး ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးအသုံးပြုတိုက်ခိုက်နေတာကို လက်တုန့်ပြန်တဲ့အနေနဲ့ အခုလို တိုက်ခိုက်တာဖြစ်တယ်လို့တိုက်ခိုက်ခဲ့တဲ့တပ်ဖွဲ့တွေက ဆိုပါတယ်။