ဂျပန်မှာ ပစ်ခတ်မှု ကျူးလွန်ပြီး ဓားစာခံတွေကို ထိန်းသိမ်းထားသူ အဖမ်းခံရ

နိုဝင်ဘာ၊ ၁

ဆေးရုံ တခုမှာ ပစ်ခတ်မှု ကျူးလွန်ပြီး ဓားစာခံတွေကိုပါ ထိန်းသိမ်းထားတဲ့ ဂျပန် အမျိုးသား တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဝါရာဘီမြို့မှာ အောက်တိုဘာ ၃၁ ရက် ညနေပိုင်းက သက်ကြီးပိုင်းအရွယ် သေနတ်သမား တဦးဟာ အမျိုးသမီး နှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး မြို့နယ် စာတိုက်ထဲမှာ ပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ အဲဒီမတိုင်ခင်က အနီးမှာရှိတဲ့ တိုဒါချို ဆေးရုံမှာ ပစ်ခတ်မှု ကျူးလွန်ခဲ့ပြီး လူ ၃ ဦး ဒဏ်ရာရခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နာရီနဲ့ချီ ကြာမြင့်ခဲ့တဲ့ ဖြစ်စဉ်အတွင်း ရဲတွေက သေနတ်သမားကို ဖျောင့်ဖျဖို့ ကြိုးစားခဲ့ပြီး နောက်ဆုံးမှာတော့ ဓားစာခံတွေ အထိအခိုက် မရှိစေဘဲ ကျူးလွန်သူကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

သေနတ်သမားဟာ အသက် ၈၀ ကျော်အရွယ် အဖိုးအို တဦးဖြစ်ပြီး အခုလုပ်ရပ်မျိုး ကျူးလွန်တဲ့ နောက်ကွယ်က အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဆေးရုံ ပစ်ခတ်မှုမှာတော့ ဆရာဝန် နှစ်ဦးနဲ့ သက်ကြီးရွယ်အို လူနာ တဦးတို့ ဒဏ်ရာရခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေတော့ မရှိကြဘူးလို့ ဆိုပါတယ်။

နောက်တော့ သေနတ်သမားဟာ ဆေးရုံနဲ့ ၂ ကီလိုမီတာခွဲအကွာ စာတိုက်ရုံးထဲမှာ ဓားစာခံတွေကို ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဆေးရုံကနေ မော်တော်ဆိုင်ကယ်စီးပြီး ထွက်ပြေးခဲ့တာလို့ ရဲတွေက ပြောပါတယ်။

အခြေအနေတွေ တင်းမာနေချိန်မှာ အနီးက ကျောင်းတခုက ကျောင်းသူကျောင်းသားတွေကိုလည်း အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အခုတော့ ရဲတပ်ဖွဲ့ဟာ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။

ဂျပန်နိုင်ငံမှာ သေနတ်နဲ့ ပစ်ခတ်တဲ့ မှုခင်းတွေက အတော်လေး ရှားပါးတယ်လို့ ဆိုနိုင်ပြီး လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတွေကလည်း အရမ်းတင်းကျပ်ပါတယ်။ အရပ်သားတွေဟာ အမဲလိုက် ရိုင်ဖယ်နဲ့ လေသေနတ်တွေကိုသာ ကိုင်ဆောင်ခွင့် လိုင်စင်ရရှိနိုင်ပြီး အဲဒီလိုင်စင် ထုတ်ပေးဖို့ အတွက်လည်း တင်းကျပ်လွန်းတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေ ခံရကြောင်း သိရပါတယ်။

 

Ref: BBC