ရက်ပိုင်းအတွင်း နိုင်ငံခြားသား ဓားစာခံတချို့ကို ပြန်လွှတ်ပေးမယ်လို့ ဟားမားစ် ထုတ်ပြန်

အောက်တိုဘာ၊ ၁

ဖမ်းဆီးထားတဲ့ နိုင်ငံခြားသား ဓားစာခံ တချို့ကို မကြာခင် ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးသွားမယ်လို့ ဟားမားစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၇ ရက်က ဂါဇာကမ်းမြှောင်ဒေသ အခြေစိုက် ပါလက်စတိုင်း လက်နက်ကိုင် တပ်ဖွဲ့ဟာ အစ္စရေး နယ်စပ်ကို ဖြတ်ကျော် တိုက်ခိုက်ပြီး လူပေါင်း ၁၄၀၀ ကျော်ကို သတ်ဖြတ်ခဲ့သလို အစ္စရေးတွေရော၊ နိုင်ငံခြားသားတွေပါ အပါအဝင် ၂၃၀ ထက် မနည်းကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။

လက်ရှိ အချိန်ထိ ဟားမားစ်တွေက ဓားစာခံ ၅ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပြီး အများစုကိုတော့ အတိအကျ မသိရတဲ့ နေရာတွေမှာ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ ဟားမားစ်တွေရဲ့ ကာဆမ်တပ်ရင်း ပြောရေးဆိုခွင့်ရ အရာရှိ အဘူ အိုဘီဒါကတော့ လာမယ့် ရက်ပိုင်းအတွင်း နောက်ထပ် နိုင်ငံခြားသား ဓားစာခံတွေကို လွှတ်ပေးသွားဖို့ ရှိနေကြောင်း ဗီဒီယို message တစ်ခုကနေ အတည်ပြုခဲ့ပါတယ်။

သူက မြေပြင်ထိုးစစ်နဲ့ ကျူးကျော်လာတဲ့ အစ္စရေး တပ်သားတွေအတွက် ဂါဇာကို သင်္ချိုင်းမြေအဖြစ် ပြောင်းလဲပေးမယ်လို့လည်း ခြိမ်းခြောက်သွားပါတယ်။

သူ့အနေနဲ့ အတည်ပြုပေးနိုင်တာက လာမယ့် ရက်အနည်းငယ် အတွင်းမှာ နိုင်ငံခြားသားတွေထဲက အရေအတွက် တခုထိ ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ထားပြီးပြီ ဆိုတာပဲလို့ အိုဘီဒါက ဆိုပါတယ်။

အစ္စရေး အစိုးရ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂတို့က ဟားမားစ်တွေ ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အမြန်ဆုံး ပြန်လွတ်မြောက်ဖို့ အပူတပြင်း တောင်းဆိုနေသလို အစ္စရေး စစ်တပ်ကလည်း ဓားစာခံတွေကို ကယ်ထုတ်ဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း ပြောကြားထားပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာတော့ ဟားမားစ်တွေရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ အစ္စရေး နိုင်ငံသားတွေရဲ့ မိသားစုဝင် တချို့က အဲဒီဖြစ်စဉ်အတွက် စုံစမ်း အရေးယူပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)ကို လျှောက်ထား တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစ္စရေး အစိုးရ ကိုယ်တိုင်ကတော့ ICCရဲ့ စီရင်ဆုံးဖြတ်မှုတွေကို အသိအမှတ် ပြုလေ့မရှိကြောင်း သိရပါတယ်။

 

Ref: Al Jazeera