မြန်မာဘက်က ကနဦးကန့်ကွက်ချက်အားလုံးကို ICJ တရားရုံး ပယ်ချ

ICJ တရားရုံးက ပြုလုပ်တဲ့ ဒီနေ့ ဇူလိုင်လ ၂၂ရက်နေ့ ကြားနာပွဲမှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံဘက်က မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့အမှုမှာ မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်ချက်ကို ပယ်ချခဲ့ပါတယ်။
လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက ICJ တရားရုံးမှာ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံ မခံ ကိစ္စကို မြန်မာဘက်က ကနဦးကန့်ကွက်ချက် လေးချက်တင်ထားခဲ့တာဖြစ်ပြီး အဲဒီ လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့ကြောင်း ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ဒီအမှုကို ICJ တရားရုံးက စီရင်ပိုင်ခွင့်မရှိဘူးဆိုပြီး စစ်အာဏာမသိမ်းခင် မြန်မာဘက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက်ကတည်းက ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး နှစ်ဖက်စလုံးရဲ့ လျှောက်လဲချက်တွေကို ၂၀၂၂ ဖေဖော်ဝါရီလ ၂၁ ရက်ကနေ ၂၈ ရက်နေ့အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က တရားရုံးမှာ ICJ တရားသူကြီးတွေ ကြားနာခဲ့ကြပါတယ်။
ဒီကနေ့ ကြားနာပွဲကို မြန်မာဘက်က စစ်ကောင်စီရဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။