ဇူလိူင်လ ၃၀ မနက်ပိုင်းမှာ ကလေးမြို့ကနေ တမူးဘက်ကိုသွားတဲ့ စစ်ကား ၄ စီး ၊ ၁၂ ဘီးကားတစ်စီးပါဝင်တဲ့ စစ်ကောင်စီယာဥ်တန်းကို Kalay PDF က သုံးကြိမ်တိုင်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Kalay PDF နှင့် ဒေသခံတွေက DNA ကိုပြောပါတယ်။
“အများက နေကျော်လေးလို့ခေါ်ခေါ်နေကြတဲ့ နီကျော်လေးနားမှာဖြစ်တာ။ အဲဒီနားက လမ်းဘေးနှစ်ဖက်လုံးကမ်းပါးတွေရှိတော့ မိုင်းဆွဲလို့အကောင်းဆုံးပေါ့။ ဒီကောင်တွေ အနည်းနဲ့အများသေချာပေါက်သေကြမှာပဲ” လို့ဒေသခံတစ်ဦးကပြောပါတယ်။
“ကျနော်တို့ကောင်တွေက ၅၆ မိုင်နားမှာပထမအကြိမ်ဆွဲတော့ မထိဘူး။ ၅၆ မိုင်ကနေ သုံးမိုင်လောက်ဝေးတဲ့ နေကျော်လေးနားမှာ ကောင်းကောင်းထိသွားတယ် ” လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။
ရေကျော်လေးနားမှာ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရလို့ စစ်ကောင်စီယာဥ်တန်းက ကားသုံးစီး မိုင်းထိပြီး စစ်သားဆယ်ယောက်ဝန်းကျင် သေဆုံးခဲ့ကာ တော်များများထိခိုက်ဒဏ်ရာရသွားကြတယ်လို့ PDF Kalay တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။
နေ့လယ်ပိုင်း ၁ နာရီဝန်းကျင်မှာ ကလေးမြို့ဘက်ကနေ ကားကြီးနှစ်စီးနှင့်မိုင်းဆွဲခံရတဲ့နေရာကို စစ်ကောင်စီက စစ်ကူရောက်လာပြီး သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို ကောက်ယူနေချိန်မှာ Kalay PDF က ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ တတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရချိန်မှာ စစ်ကောင်စီတပ်သား ၅ ဦးခန့် သေဆုံးနိုင်တယ်လို့ Kalay PDF ကထုတ်ပြန်ပါတယ်။
မိုင်းထိတဲ့ကားတွေဟာ တမူးဘက်ကို ဆက်လက်မောင်းနှင်သွားပြီး ၊ အကူလာတဲ့ကားနှစ်စီးက ကလေးဘက်ကို ပြန်သွားတယ်လို့ သိရပါတယ်။ ကာကွယ်ရေးတပ်တွေက အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကလေး – တမူး လမ်းမကြီးပေါ် သွားလာတဲ့သူတွေအနေနဲ့ သတိရှိကြဖို့၊ ည ၉ နာရီကနေ မနက် ၅ နာရီအထိ သွားလာခြင်းမပြုကြဖို့ ဇူလိူင်လ ၂၆ ရက်နေ့က Kalay PDF က သတိပေးထုတ်ပြန်ထားခဲ့သလို ဇူလိူင်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာလည်း တမူး PDF တပ်ရင်း ၂ ကလည်း သွားလာသူတွေသတိရှိကြဖို့ ထုတ်ပြန်ထားပါတယ်။