ရန်ကုန်မြို့မှာ “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” အတွက် သံပုံးတီးတဲ့နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးနေ

Photo – CJ/SoKA
ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့နယ်အချို့မှာ “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”အတွက်သံပုံးတီးတဲ့နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးနေ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာ ကမာရွတ်မြို့နယ်၊ လှည်တန်း ပေ ၅၀ လမ်းအတွင်းမှာ သံပုံးတီးတယ်လို့ဆိုကာ အကြမ်းဖက်စစ်တပ် က လူ ၂ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် အလုံမြို့နယ်မှာလည်း သံပုံးတီးတဲ့နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးတာတွေလုပ်နေတယ်လို့ သိရပါတယ်။
မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံအနီးမှာလည်း အကြမ်းဖက်စစ်တပ်က လမ်းသွားလမ်းလာ လူငယ်တွေကို သေနတ်နဲ့ချိန်ပြီး ဒူးထောက်ခိုင်းကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
လက်ရှိမှာ “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ”အနေနဲ့ သံပုံးတီးတာ၊ကားဟွန်းတီးတာတွေနဲ့ ပတ်သက်ပြီး အကြမ်းဖက်စစ်တပ်က ဖမ်းဆီးမှုတွေလုပ်နေပေမယ့် ဖမ်းဆီးခံထားရတဲ့ လူဦးရေ အရေအတွက်ကိုတော့ DNA သတင်းဌာနအနေနဲ့ စုံစမ်းဆဲဖြစ်ပါတယ်။
ဒီကနေ့ ဇူလိုင် ၃၁ ရက်၊နံနက် ၁၀ နာရီ ၃၇ အချိန်မှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ ယုံကြည်ရာ ဘာသာတရားအလိုက် တိုင်တည်သစ္စာအဓိဋ္ဌာန်ပြုကြမည့် “လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲ” များကို နိုင်ငံအနှံ့ ပြုလုပ်သွားဖို့ တော်လှန်ရေးအဖွဲ့တွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။
အခုလို တိုက်တွန်းနှိုးဆော်ထားတာကြောင့် အကြမ်းဖက်စစ်တပ်က မြို့တွင်းမှာဆန္ဒပြမှုတွေရှိလာပါက ဖမ်းဆီးဖို့အတွက် လူစည်ကားရာနေရာတွေမှာ လုံခြုံရေးတင်းကြပ်ထားပြီး မြို့တွင်းသွားလာတဲ့ လူနဲ့ယာဥ်တွေကို စစ်ဆေးနေတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။
ဒါ့အပြင် အချုပ်ကားတွေကို အဆင်သင့်ပြင်ထားသလို အရပ်ဝတ်နဲ့စောင့်ကြည့်တာ၊ကင်းပုန်းဝပ်စောင့်ကြည့်တာတွေလည်း လုပ်ဆောင်ထားတယ်လို့ မြို့ခံပြည်သူတွေက ဆိုပါတယ်။