စမ်းချောင်း၊ဝေဠုဝန်မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့ ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးအပါအဝင် နှစ်ဦးသေ

ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဝေဠုဝန်မြောက်ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်နဲ့အဖွဲ့ လက်ဘက် ရည်ဆိုင်ထိုင်နေချိန် ဒီကနေ့ ဒီဇင်ဘာ (၂၂)ရက်မနက်ပိုင်းမှာ ပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူးအပါအဝင်နှစ်ဦး သေပြီး တဦးဒဏ်ရာရသွားတယ်လို့ အဲ့ဒီရပ်ကွက်မှာနေထိုင်သူတွေက DNA ကိုပြောပါတယ်။
 
ရပ်ကွက်အုပ်ချုပ်ရေးမှူးဝေဖြိုးအောင်နဲ့အပေါင်းအပါတွေဟာ ဝေဠုဝန်(မြောက် )ရပ်ကွက်က စူပါလက် ဖက် ရည်ဆိုင်မှာ ထိုင်နေချိန် အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက လာရောက် ပစ်ခတ်ခဲ့တာလို့ မျက်မြင် တွေ့ရှိသူတွေက ပြောပါတယ်။
 
“ဝေဖြိုးအောင်အပါအဝင် သုံးယောက်ထိတာ၊ဝေဖြိုးအောင်နဲ့နောက်တစ်ယောက်၊နှစ်ယောက်ကတော့ နေရာမှာပဲ ပွဲချင်းပြီး သေသွားတယ်၊ကျန်တစ်ယောက်က ဒဏ်ရသားတယ်”လို့ ဝေဠုဝန်မြောက်ရပ်ကွက်မှာ နေထိုင်သူ တဦးက ပြောပါတယ်။
 
ပစ်ခတ်မှုအပြီးမှာ စစ်ကောင်စီတပ်တွေ ရောက်လာပြီး စစ်ဆေးတာ၊သေဆုံးသူတွေနဲ့ထိခိုက်ဒဏ်ရာ ရရှိခဲ့သူ တို့ကို အရေးပေါ်လူနာတင်ယာဥ်နဲ့ သယ်ဆောင်သွားကြတယ်လို့လည်း ရပ်ကွက်နေပြည်သူတွေကဆိုပါတယ်။
 
“အဲ့ဒီစူပါဆိုင်မှာက CCTVရှိတယ်၊စစ်သားတွေနဲ့ အရပ်ဝတ်ထောက်လှမ်းရေးတွေ၊ရဲတွေရောက်လာပြီး CCTVကို စစ်ပြီး ပစ်သွားတဲ့ လူတွေကို ရှာဖွေနေကြတယ်”လို့ ရပ်ကွက်နေ ဒေသခံ တဦးက ပြောပါတယ်။
 
လက်ရှိမှာ စစ်ကောင်စီတပ်တွေက ကျွန်းတောလမ်း၊နာနတ်တော်လမ်း၊ ဗဟိုလမ်းတွေကို ပိတ်ဆို့ရှာဖွေတာ တွေ လုပ်နေတယ်လို့လည်း ဆိုပါတယ်။
 
အုပ်ချုပ်ရေးမှူး ဝေဖြိုးအောင်ဟာ စစ်ကောင်စီကအာဏာသိမ်းပြီး နောက် တော်လှန်လူငယ်တွေကို သတင်းပေးဖမ်းဆီးတာတွေလုပ်ဆောင်ခဲ့သူတဦးဖြစ်ပြီး သူရဲ့သတင်း ပေးမှု ကြောင့် လူငယ် ၅ထက်မနည်း ဖမ်းဆီးခံရမှုတွေရှိခဲ့တယ်လို့လည်း ရပ်ကွက်နေပြည်သူတချို့က ပြောပါတယ်။
 
အဲ့ဒီပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့တယ်လို့ DNA ကိုပြောဆိုထားပြီး အမည်မဖော်လိုတဲ့ မြို့ပြပြောက်ကျား အဖွဲ့က တော့ ဒီကနေ့ပစ်ခတ်မှုဟာ အုပ်ချုပ်ရေးမှူးကိုပဲ ပစ်မှတ်ထားခဲ့တာဖြစ်ပေမယ့် နောက်တဦးက ခုခံလို့ တပါတည်း ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
ဝေဖြိုးအောင်ဟာ ရဲဝန်ထမ်းဟောင်းတဦးဖြစ်ပြီး အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှူးဖြစ်လာချိန်မှာ စစ် ကောင်စီရဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေမှာ ဦးဆောင်တာ၊တော်လှန်လူငယ်တွေကို ဖမ်းဆီးတာနဲ့ သက် သေလိုက်တာတွေကြောင့် အခုလိုရှင်းလင်းခဲ့တာလို့လည်း အမည်မဖော်လိုတဲ့ မြို့ပြပြောက်ကျားအဖွဲ့က ပြော ပါတယ်။