ရန်ကုန်မြို့မှာတိုက်ခန်းနဲ့ အိမ်ငှားခတွေ​ ဆက်တိုက်မြင့်တက်နေ

ဖေဖော်ဝါရီ၊ ၆

ရန်ကုန်မြို့ကို ရွှေ့ပြောင်းနေထိုင်သူတွေများလာတာကြောင့် အိမ်ငှားခတွေဟာလည်းဆက်တိုက်မြင့်တက်နေပြီး ပေါက်စျေးသက်မှတ်တဲ့စျေးကွက်ပျက်နေတယ်လို့ အိမ်ငှားတွေနဲ့ ပွဲစားတွေဆီကသိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းရန်ကုန်မြို့ဆီ အနယ်နယ်အရပ်ရပ်ကစစ်ဘေးရှောင်သူတွေ၊ ရွှေ့ပြောင်းအလုပ်သမား တွေနဲ့ နိုင်ငံခြားသွားရောက်ဖို့ သင်တန်းလာတက်သူတွေများလာတာကြောင့်အငှားလိုက်ပြီးစျေးမြင့်တက်လာ တာ လို့သင်္ဃန်းကျွန်းမြို့နယ်က အိမ်၊ခြံ၊မြေပွဲစားတဦးကဆိုပါတယ်။

“အများဆုံးအငှားလိုက်တာက ရန်ကုန်မှာဂျပန်သွားဖို့သင်တန်းလာတက်သူတွေ၊ လူငါးယောက်၊ခြောက်ယောက် စုပြီးနေတာ၊သူတို့ကခေါ်စျေးလည်းပေးနိုင်တယ်၊တယောက်ချင်းစုပေးကြတာဆိုတော့လေ၊အဲဒီတော့အိမ်ရှင်နဲ့ပွဲစားတွေက စျေးမြှင့်ခေါ်ကြတော့တာပဲ”လို့ ပြောပါတယ်။

အဲဒီလို ကြိုက်စျေးခေါ်လို့ရနေတာကြောင့် တိုက်ခန်းအငှားစျေးကွက်က ပေါက်စျေးမရှိတော့ပဲ စျေးကွက်ပျက်နေ တယ်လို့ ဆိုပါတယ်။

“ဘယ်လမ်း၊ဘယ်အလွှာဆိုဘယ်စျေးဆိုတာအရင်က ခန့်မှန်းလို့ရတယ်၊ခန့်မှန်းတာနဲ့သိပ်မကွာဘူး၊အခုက အပေါ် ဆုံးအထပ်ကလည်း မြေညီထပ်နီးပါးနဲ့အငှားဖြစ်ရင်ဖြစ်နေတာ”လို့ အိမ်၊ခြံ၊မြေဝယ်/ရောင်းအကျိုးဆောင်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်နေသူတဦးကပြောပါတယ်။

လက်ရှိ အိမ်နဲ့ တိုက်ခန်းအငှားစျေးဟာ အာဏာမသိမ်းခင်ကထက် ၅၀ ရာခိုင်နှုန်းထက်မနည်းမြင့်တက်သွားပြီး သုံးလတကြိမ်၊ ​ခြောက်လတကြိမ် စျေးထပ်တိုးတောင်းတာတွေပါရှိနေတယ်လို့ အိမ်ငှားနေထိုင်သူတွေက ဆိုပါ တယ်။

အာဏာမသိမ်းခင်က ရန်ကုန်မြို့စွန် ရပ်ကွက်တွေက တိုက်ခန်းတွေမှာ မြေညီထပ်အငှားစျေးတလကို ကျပ် နှစ် သိန်းနီးပါးရှိရာကနေ အခုဆို ကျပ်သုံးသိန်းအထက်ရှိပြီး အပေါ်ဆုံးအထပ်ဆိုရင် အရင်ကကျပ်တသိန်းနီးပါးရှိရာက အခု ကျပ်တသိန်းခွဲကနေ နှစ်သိန်းနီးပါးရှိနေတယ်လို့ သိရပါတယ်။

“အခန်းစုနေသမားတွေက ကိစ္စမရှိဘူး၊သူတို့က တယောက်မှဘယ်လောက်မှမကျဘူးစုလိုက်ရင်၊  မိသားစုသမား တွေကြဒုက္ခရောက်ရတယ်၊စုနေသမားတွေလောက်မှမပေးနိူင်တာ၊အိမ်ရှင်အများစုက စျေးပိုရတာကိုပဲလိုချင် ကြ တာ”လို့ တောင်ဥက္ကလာပမြို့နယ်မှာအိမ်ငှားနေထိုင်သူတဦးက ပြောပါတယ်။

အဲဒီလို အိမ်ငှားခစျေးတွေမြင့်တက်နေတာကြောင့် မိသားစုနဲ့နေထိုင်သူတွေကအခက်အခဲတွေဖြစ်နေကြရပြီး မိသား စုနည်းသူတွေက လူပိုထပ်ခေါ်တင်ပြီးစရိတ်ပြန်ကာမိအောင်နေထိုင်ရတာမျိုးတွေရှိလာနေတယ်လို့ ကိုယ် တိုင်ကြုံ တွေ့ရ သူတွေကပြောကြပါတယ်။

ရခိုင်ပြည်နယ်အပါအဝင် လက်ရှိတိုက်ပွဲတွေပြင်းထန်နေတာ၊စစ်ရေးတင်းမာနေတဲ့စတဲ့အခြေအနေတွေရှိနေတဲ့ ဒေသတချို့ကနေ ရန်ကုန်မြို့ကိုပြောင်းရွှေ့လာဖို့ စီစဉ်နေသူတချို့က ရန်ကုန်ကဆွေမျိုးမိတ်ဆွေတွေကို တိုက်ခန်းကြိုတင် ငှားရမ်းခိုင်းတာမျိုးတွေလည်း ရှိနေတယ်လို့လည်း သိရပါတယ်။